လောင်းလုံးမှာ စခန်းမှူးယာဥ်တန်းနဲ့ လမ်းကင်းယူပေးတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရ

လောင်းလုံးမြို့မရဲစခန်းက စခန်းမှူးလိုက်ပါလာတဲ့ယာဥ်တန်းနဲ့ လမ်းတလျှောက်မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၆ နာရီခွဲလောက်မှာ လောင်းလုံးရဲစခန်းက စခန်းမှူးစီးလာတဲ့ အိမ်စီးကားတစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့မြေတင်ကားတစ်စီးမိုင်းဆွဲခံရတာပါ။ လောင်းလုံးရဲစခန်းကနေ ထားဝယ်မြို့ဘက်ကိုမောင်းနှင်လာချိန် ကမြောကြီးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ လောင်းလုံးမြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“မိုင်းက စခန်းမှူးပါတဲ့ကားကိုတော့ မထိလိုက်ဘူး။ အနောက်က မြေတင်ကားတော့ ထိသွားတယ်။ မြေတင်ကားအနောက်ခန်းမှာ စစ်သားရှစ်ကောင်လောက်ပါတယ်”လို့ ပြည်သူ့ကာကွယ်‌ရေးရဲဘော်က ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေကလည်း လက်နက်ငယ်နဲ့ ပြန်လည် ပစ်ခတ်ပြီးမောင်းပြေးသွားတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနဲ့ ရဲတွေဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

မိုင်းဆွဲခံရတဲ့ယာဥ်တန်းမှာပါတဲ့ စခန်းမှူးဟာ လောင်းလုံးမြို့မရဲစခန်းကနေ ပြောင်းရွေ့မိန့်ကျထားသူဖြစ်ပြီး လက်ရှိမှာ စခန်းမှူးအသစ်တစ်ဦးလည်း ရောက်ရှိနေပြီလို့ ပြည်သူ့ကာကွယ်‌ရေးရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း သရက်ချောင်းနဲ့ မောင်းမကန်ရဲစခန်းက စခန်းမှူးတွေပစ်သတ်ခံရတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ သရက်ချောင်းမြို့မရဲစခန်းက စခန်းမှူးကတော့ ရဲအချင်းချင်းစကားများပြီးနောက် ဒုရဲအုပ်တစ်ဦးကပစ်သတ်လို့သေဆုံးခဲ့ပြီး မောင်းမကန်နယ်မြေရဲစခန်းက ယာယီစခန်းမှူးကတော့ ကင်းလှည့်နေချိန် သူစီးတဲ့ကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မနက် ၅ နာရီဝန်းကျင်လောက်မှာလည်း စခန်းမှူးကား တိုက်ခိုက်မှုအပြင် လောင်းလုံးမြို့နယ်ထဲက သဗျာရွာနဲ့ အင်းဇောက်ရွာကြားမှာ လမ်းကင်းယူပြီး ခြေလျင်သွားလာနေတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးလောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်တာမျိုးမရှိနိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

မနေ့က မနက်အစောပိုင်းမှာလည်း လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့ကိုဆက်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။

ပုံစာ – လောင်းလုံးမြို့နယ်မှာ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကား လမ်းမှာမိုင်းဆွဲခံရပြီးပျက်စီးခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *