တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မိုးမောက် ကုန်းလောရွာအနီး တိုက်ပွဲ၌ သေဆုံး

တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မိုးမောက် ကုန်းလောရွာအနီး တိုက်ပွဲ၌ သေဆုံးဟုကချင်စစ်​ရေးသတင်းရင်းမြစ်​ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြော
သည်။

KIA ဌာနချုပ် လိုင်ဇာအနီး ဘွမ်ရယ်ဘွမ်တပ်စခန်းမှ ထွက်
ပြေးသွားသည့် တပ်မ(၈၈) တပ်မမှူးပါဝင်သည့် စစ်ကြောင်းနှင့် KIA တို့ ယမန်နေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနီး မန်နောင်ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မမှူး သေ
ဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“မနေ့က မိုးမောက်မြို့နယ် ကုန်းလောရွာအနောက်ဘက် မန်နောင် တိုက်ပွဲမှာ တပ်မ(၈၈) တပ်မမှူး မင်းထွဋ်ဦး သေသွားပြီ။ သူက ဘွမ်ရယ်ဘွမ်က ထွက်ပြေးလာတဲ့ တပ်ဟုတ်တယ်။ မနေ့က သူတို့အဖွဲ့နဲ့ မန်နောင်ရွာမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားစစ်​ရေးသတင်းရင်းမြစ် တစ်ဦးကလည်း ရှေ့တန်း တပ်မဌာနချုပ် (၈၈) တပ်မမှူး မင်းထွဋ်ဦး သည် မတ်လ ၂၉ရက် တွင် တာပိန်မြစ် အရှေ့ဘက်ကမ်း မန်နောင်ရွာ မှ ဗန်းမော်သို့ ချီတက်လာစဉ် KIAနှင့် တိုက်ပွဲဖြစ်ပြီး ​သေဆုံးခဲ့ကြောင်း အတည်ပြုသည်။

စစ်ကောင်စီတပ်မမှူး ဗိုလ်မှူးချုပ်အဆင့်ရှိသူ မင်းထွဋ်ဦး သေဆုံးမှု ထပ်မံအတည်ပြုနိုင်ရေး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ အပါအဝင် စစ်ရေး သတင်းရင်းမြစ် အချို့ထံ လူထု​နွေဦးကဆက်လက်မေးမြန်ထားဆဲဖြစ်သည်။

မတ်လ ၇ရက်က စတင်သည့် KIA၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က အဆင့်မြင့်ဆုံးအရာရှိ သေဆုံးမှုလည်းဖြစ်သည်။ မတ်လ ၇ရက်မှ စတင်သည့် KIA၏ ထိုးစစ် တစ်လနီးပါးအတွင်း လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းအားလုံး၊ မြစ်ကြီးနား -ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များအပါအဝင် တပ်စခန်းများ၊ ဗျူဟာစခန်းများ၊ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ စုစုပေါင်း တပ်စခန်း ၅၀ ခန့်ကို သိမ်းပိုက်ရရှိထားသည်။ စစ်သုံ့ပန်း ရာချီ ဖမ်းမိထားပြီး တပ်စခန်းများမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်များကိုလည်း KIAနှင့် မဟာမိတ် ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *