ရာအိမ်မှူးတစ်ဦးအား ပျူစောထီးအဖွဲ့မှ ဝိုင်းဝန်းရိုက်နှက်

ပုသိမ်တွင် စစ်မှုထမ်းရန် လူစုဆောင်းမှုဖြင့်ပုဂ္ဂိုလ်ရေးမကျေနပ်၍ ရာအိမ်မှူးတစ်ဦးအား ပျူစောထီးအဖွဲ့မှ ဝိုင်းဝန်းရိုက်နှက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းရန်အတွက် လူဦးရေစုဆောင်းမှုအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်သည့်အတွက် ရာအိမ်မှူးတစ်ဦးအားရပ်ကွက် ပျူစောထီးအဖွဲ့မှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ပုသိမ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူး(နယ်မြေမှူး)ဖြစ်သူ မိုးကျော်ဦး ဆိုသူအား ရပ်ကွက်ပျူစောထီးအဖွဲ့ဝင်များမှ ထောင်ကုန်းစစ်သားစုဆောင်းရေးရှေ့တွင် ပြီးခဲ့သည့် မတ်လ (၃၀)ရက်နေ့ ည က ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများထံကသိရသည်။

“ ရာအိမ်မှူး မိုးကျော်ဦးကို ပြည်သူ့စစ်တွေ ဝိုင်းပြီး‌ရိုက်ကြတယ်။ ထောင်ကုန်းစုဆောင်းရေးတပ်အနားမှာဝိုင်းဆော်ကြတာ။ ခေါင်းကွဲသွားတယ်။ အနားကစစ်သားတွေလာပြီးတွဲခေါ်သွားတာတွေ့လိုက်ရတယ် “ဟု မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံတစ်ဦးကပြောသည်။

ရိုက်နှက်ခံရခြင်းကြောင့် ရာအိမ်မှူး မိုးကျော်ဦးဆိုသူမှာ ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့သည့်အတွက် ပုသိမ်သိမ်‌ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် ပို့ဆောင်ထားရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအသိုင်းအဝန်းထံကသိရသည်။

“ ခေါင်းကိုအရိုက်ခံရတာ ။ အခုထိ သတိမရသေးဘူး။ အတွင်းလူနာနဲ့ပုသိမ်ဆေးရုံတက်နေရတယ်။ ရိုက်တဲ့သူတွေတော့ ထွက်ပြေးနေတယ်။ဘယ်နှယောက်ရိုက်တာလဲတော့သေချာမသိသေးဘူးစုံစမ်းနေတုန်းပဲ။ ပြည်သူ့စစ်အဖွဲ့တွေနဲ့တော့ နည်းနည်းစကားများထားတာရှိထားတော့ အဲတာနဲ့ပဲဖြစ်တာလားမပြောတတ်ဘူး”ဟု အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

ပုသိမ်မြို့နယ်အတွင်း မတ်လနောက်ဆုံး အပတ်တွင် စစ်မှုထမ်းရန်အတွက်စာရင်း ကောက်ယူရာတွင် ပုဂ္ဂိုလ်ရေးအရမကျေနပ်၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များကြား ခိုက်ရန်ဖြစ်ပွါးမှု ရှိခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *