ပခုက္ကူမှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စစ်အုပ်စု (၁၁)ယောက် သေပြီး အများအပြား ဒဏ်ရာရ

ပခုက္ကူမှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စစ်အုပ်စု (၁၁)ယောက် သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း ပခုက္ကူမြို့၊ ခြေမြန်တပ်မဌာနချုပ် (တမခ) – ၁၀၁ ထဲက ထွက်လာတဲ့ စစ်‌အုပ်စု ကားနှစ်စီးကို ယမန်နေ့ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၁၁)ယောက် သေပြီး ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

မတ်(၂၈)ရက် ညနေပိုင်းက ပခုက္ကူ တပ်မ -၁၀၁ ကနေ မြိုင်ဘက် မောင်းနှင်လာတဲ့ စစ်အုပ်စု အင်အား(၇၀)ကျော်ပါ ကားနှစ်စီးကို ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းထိတာကြောင့် စစ်အုပ်စု (၃၃)ယောက်ပါ ကားတစ်စီးဟာ ဘီးနှစ်ဘီးလုံး မရှိတော့ဘဲ လမ်းဘေး ယာခင်းထဲ ထိုးဆင်းသွား‌တယ်လို့ မြိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်သုတ က‌ ပြောပါတယ်။

“ပခုက္ကူ ၁၀၁ က ထွက်လာတာဗျ။ စခ၊ရခ (၇၂)ယောက် ပါတယ်ဗျ။ ကားကတော့ နှစ်စီးတည်း၊ ထိခိုက် ဒဏ်ရာရတာက (၁၉)ကောင် အကျိုးအပဲ့ ဖြစ်တယ်ဗျ။ (၁၁)ကောင်က တခါတည်း ပွဲချင်းပြီး သေတယ်“လို့ မြိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်သုတ က ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ဒဏ်ရာရသူတွေကို ကန်တော်ကျေးရွာတွင်း ‌အရေးပေါ် ဆေးကုပေးနေတယ်လို့ မြိုင် ပကဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မြိုင်ပကဖ ဉီးဆောင်ပြီး Black Cobra၊ PKU Thurain၊ DMG ဓားမင်းကြီးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စု ကားနှစ်စီးဟာ ချင်းပြည်ဘက် တက်နေတဲ့ စစ်အုပ်စုရဲ့ ရိက္ခာပို့ယာဉ်တန်းဆီ စစ်ကူသွားတာ ဖြစ်ပြီး လက်ရှိမှာ မိုင်းထိထားတဲ့ ကားနှစ်စီး ရှေ့မဆက်နိုင်သေးဘဲ ကမ္မနဲ့ တွင်းမရွာ ပျူစခန်းတွေထဲ ဝင်နေတယ်လို့ မြိုင် ပကဖ က ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *