အုတ်ဖိုတွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်၍ စစ်တပ်ကို မျှားခေါ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုးကို ဖြတ်တောက် မျှားခေါ်ပြီး အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ဖြတ်တောက် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဧပြီလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အဆိုပါ ပြတ်တောက်သွားသော ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ပြင်ဆင်ရန် တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ မှ စစ်သား ၂၀ ကျော်ခန့်က ခြေလျင်ထွက်လာစဉ် ထန်းပင်ကုန်းကျေးရွာနှင့် ဝင်းသရက်ကျေးရွာအကြားတွင် တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၁ဝ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိကာ လူနာတင်ယာဉ် ၃ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“ဝင်းသရက် ရွာဘေးက ချောင်းထဲမှာ ပေါ်နေတဲ့ စစ်တပ်သုံး မြေအောက် ဆက်သွယ်ရေးကြိုးကို မနေ့က ည ၁၁ နာရီလောက်မှာ ဖြတ်လိုက်တာ အဲ့ကြိုး ဖြတ်ခံရရင် စစ်ခွေးတွေလာမယ်ဆိုတာသိလို့ သူတို့လာမယ့် လမ်းမှာ မိုင်းထောင်ပြီး စောင့်နေတာ နံနက်က၉ နာရီလောက်မှာ ထန်းပင်ကုန်း ဘက်ကနေ ဝင်းသရက်ကို စစ်ခွေး ၂၁ ကောင် လာတာမြင်ပြီး မိုင်းကွင်းထဲ အရောက်မှာ ပဒေသာ မိုင်း ၅ လုံးတွဲ ၂ ခိုင် ၁၀ လုံးနဲ့ ခွဲလိုက်တာ ရှေ့ဆုံးက စစ်ခွေး ၆ ကောင် နေရာမှာတင် မြှောက်တက်ပြီး သေကုန်တာ။ စစ်ခွေး ၇ ကောင်ကတော့ မိုင်းစတွေမှန်ပြီး ဒဏ်ရာတွေအပြင်းအထန် ရသွားတယ်။ မိုင်းဆွဲပြီး သိပ်မကြာဘူး လူနာတင်ယာဥ် ၃ စီးနဲ့ မသာတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားတယ်။ အခု ထပ်ကြားရတာကတော့ ဒဏ်ရာရတဲ့ ၇ ကောင်ထဲက ၄ ကောင်ထပ်သေတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။
Leave a Reply