ရွှေဆိုင် ၇ဆိုင် လုပ်ငန်းယာယီရပ်နား​ခံရ

​ရွှေ​ဈေးသမိုင်းတစ်​လျှောက်စံချိန်တင် မြင့်တက်လာချိန်တွင် စစ်​ကောင်စီက ရန်ကုန် နှင့် မန္တလေးမြို့ရှိ ရွှေဆိုင် ၇ဆိုင်ကို သတ်မှတ်​ချက်များမလိုက်နာဟုဆိုကာ လုပ်ငန်းယာယီရပ်နား​စေပြီး အရေးယူလိုက်ကြောင်းထုတ်ပြန်သည်။

ပြင်ပပေါက်ဈေးတွင် ရွှေတစ်ကျပ်သားကို ကျပ် ၄၅ သိန်းကျော်ပေါက်ဈေးရှိလာချိန်တွင် စစ်ကောင်စီ၏
ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီကရွှေဆိုင် ၇ ဆိုင်ကို အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ညွန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည်ဟု ဆိုကာ အရေးယူခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

အရေးယူခံရသည့် ဆိုင်များမှာ ရန်ကုန်တိုင်းမှ မောင်ကိန်း၊
နယူးတိုင်စင်နှင့် ခရမ်းသုံးခွရွှေဆိုင်တို့ဖြစ်ပြီး မန္တလေးမှ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖို့လုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေဆိုင်လုပ်ငန်းတို့ဖြစ်သည်။

ထိုဆိုင်များကို အရေးယူရာတွင် အဖိုးတန်သတ္တု (ရွှေ ) ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိခြင်းလည်းပါဝင်သည်ဟု စစ်ကောင်စီက အကြောင်းပြသည်။ထိုသတ်မှတ်ချက်သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသောစည်းကမ်းဖြစ်သည်။

ထိုရွှေလုပ်ငန်းများကို လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် အခြားအရေးယူများကို လုပ်ဆောင်ပြီးဖြစ်သည်ဟုဆိုသည်။

“သူတို့(စစ်ကောင်စီ)က ဈေးနှုန်းတွေကို သူတို့ရောင်းစေချင်တဲ့ ဈေးနဲ့ပဲရောင်းစေချင်တယ်။ ဈေးကွက်ဈေးနှုန်းဆိုတာ အမိန့်နဲ့ သတ်မှတ်ချင်တိုင်းသတ်မှတ်လို့မရဘူး။ ဒါကို သိရဲ့သားနဲ့ ရွှေဆိုင်တွေကို သတ်သတ်ဒုက္ခပေးတာ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်ထားသည့် ဈေးအတိုင်းရောင်းဝယ်ကြရန်နှင့် ရွှေဈေးတက်အောင်ဆောင်ရွက်သူများကို အရေးယူမည်ဟုလည်း မတ် ၃၀ ရက်က ခြိမ်းခြောက်ထားသည်။

ပြည်ပဈေးကွက်တွင် အခေါက်​ရွှေ တစ်ကျပ်သားလျင် ကျပ် ၄၄ သိန်းမှ ၄၅ သိန်းကြားပေါက်ဈေးရှိနေသည်။သို့​သော် စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်သတ်မှတ်ထားသည်။

စစ်​ကောင်စီက ​ရွှေ​ဈေးတက်လျင် လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ လုပ်ငန်းများကို အ​ရေးယူခြင်း စသည့် အကြမ်းဖက်​သောနည်းဖြင့် ​ဖြေရှင်း​နေခြင်းဖြစ်သည်။ သို့​သော်ကျပ်​ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ခိုင်မာမှု မရှိ​သော​ကြောင့်​ရွှေ​ဈေးမှာ ကျလျင်လည်း ခတ္တသာကျပြီး ဆက်တိုက်တက်​နေသည်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ လကုန်ပိုင်းက ​ရွှေ ၁ ကျပ်သားလျင် ၁၃ သိန်း​ကျော်သာရှိခဲ့သော်လည်း ယခုအခါ ၄၅ သိန်း ဝန်းကျင်အထိ​ဈေးရှိလာသည်။

(အ​ရေးယူခံခဲ့ရ​သော ​မောင်ကိန်း​ရွှေဆိုင် ​၏ မန္တ​လေးဆိုင်ခွဲ ၂၀၁၃ ခုနှစ်က အနုကြမ်းစီးခံခဲ့ရစဥ်။ဓါတ်ပုံ- ဧရာဝတီ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *