စစ်ထောက်လှမ်းရေးရုံးချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်

မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ယမန်နေ့(ဧပြီ ၆) ညပိုင်းက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း မြိုပြအထူးတပ်ဖွဲ့(USF)က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ ည ၉ နာရီကျော်က မြို့​ပြအထူးတပ်ဖွဲ့ (USF)၊ Shadow (SAF)နှင့်အတူ Brave Warriors For Myanmar (BWM) တို့ပူးပေါင်းကာ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြှင့် တာဝေးပစ်ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ညက ၉ နာရီလောက်က မင်္ဂလာဒုံဘက်မှာ ဗုံးပေါက်သံတွေ ကြားလိုက်ရတယ်။ ၂ ချက်၊ ၃ ချက်လောက် ရှိမယ်ထင်တယ်။ အသံတော်တော်ကျယ်တယ်။ မြောက်ဥက္ကလာဘက်က လူတွေတောင် ဗုံးပေါက်သံကို ကြားလိုက်တယ် ပြောတယ်။ စစ်ထောက်လှမ်းရေးရုံးဘက်မှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်မှု ရှိ၊မရှိတော့ သေချာမသိပါဘူး။ ည ၉ နာရီကျော်ဆိုတော့ ဘယ်သူမှလည်း သွားမကြည့်ရဲကြဘူး”ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက တော်လှန်ပြည်သူများထံမှ မတရားသိမ်းဆည်းထားသော ပစ္စည်းဥစ္စာများအား ထောက်လှမ်းရေးရုံးချုပ်၌ ထားရှိပြီး စစ်တပ်အမည်ပေါက်ဖြင့် ပြန်လည်ရောင်းချမှု ပြုလုပ်နေသောကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင့် မြို့​ပြအထူးတပ်ဖွဲ့ (USF)က အသိပေးသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်သဖြင့် တော်လှန်ပြည်သူများနှင့်တော်လှန်ရေး ညီအကိုများအနေဖြင့် သတိထားသွားလာကြရန်လည်း မြိုပြအထူးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

အဆိုပါ ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီဝင်များက ခရေပင်လမ်းနှင့် အောက်မင်္ဂလာဒုံအဝေးပြေးကားဝင်းအနီးတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *