နေအိမ်အတွင်း ၀င်ရောက်ခိုးယူသူကို တွေ့၍ အော်ဟစ်ရာမှာ ကလေးငယ် ၂ ဦး ဓားထိုးခံရပြီး တစ်ဦးသေဆုံး

နေအိမ်အတွင်း ၀င်ရောက်ခိုးယူသူကို တွေ့၍ အော်ဟစ်ရာမှာ ကလေးငယ် ၂ ဦး ဓားထိုးခံရပြီး တစ်ဦးသေဆုံး

ဧရာ၀တီတိုင်း ၊မြန်အောင်မြို့နယ် ၊ အမှတ် (၂)ရပ်ကွက်၊ ဝေဠု၀န်ကွက်သစ်တွင် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက သူခိုးဖြစ်သူမှ ဓါးနှင့်ထိုးသဖြင့် ၁၁ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးကာ ရှစ်နှစ်အရွယ်ရှိသူတစ်ဦး ဒဏ်ရာ ရသွားကြောင်း သိရသည်။

“အိမ်မှာ မိသားစု လေးယောက်ရှိတယ်၊ခုဓားထိုးခံရတဲ့ ညီအစ်မနှစ်ယောက်က အပေါ်ထပ်မှာအိပ်တာ သူခိုးကိုမြင်လို့ အော်တော့ ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာ ဆေးရုံ ပို့ပေမယ့် တစ်ယောက်ကတော့ အသက်မမှီတော့ဘူး”ဟု ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးပြောသည်။

ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူကို ရပ်ကွက်နေပြည်သူများ လိုက်လံဖမ်းဆီးရာ ဆောက်လုပ်ဆဲ နေအိမ်တစ်ခုတွင် တွေ့ရှိဖမ်းဆီးမိကာ ရဲ စခန်းသို့ အပ်နှံပေးခဲ့ကြောင်း ဒေသခံများမှပြောသည်။

ဖမ်းဆီးရမိသူမှာ မြန်အောင်မြို့ ဖက်တန်းကျေးရွာတွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ဇင်လင်းထက်ဆိုသူဟုသိရှိရပြီး နေအိမ် အပေါ်ထပ်ပြတင်းပေါက်မှာတစ်ဆင့် အိမ်တွင်း၀င်ရောက် ခိုးယူစဥ်ကလေးများမှ အော်ဟစ်သောကြောင့် နှစ်ဦးလုံးကို ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု မြန်အောင်မြို့မရဲစခန်းနှင့် နီးစပ်သူများကပြောသည်။

သေဆုံးသွားသူမှာအသက် (၁၁)နှစ်အရွယ် မအေးမြတ်နွယ်မိုး ဖြစ်ပြီး ညီမဖြစ်သူ အသက် ရှစ်နှစ်အရွယ် မမို့မို့ကျော်ဇင် မှာ ဓါးဒဏ်ရာ နှစ်ချက်ရရှိသောကြောင့် ကြံခင်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *