လူတစ်ဦးဝင်​ကြေး ကျပ်တစ်သိန်းဖြင့် စိုင်းစိုင်းခမ်းလှိုင်း ပြုလုပ်ရန်စီစဥ်

၄၅ နှစ်ပြည့်မွေးနေ့ဖျော်ဖြေပွဲကို လူတစ်ဦးဝင်​ကြေး ကျပ်တစ်သိန်းဖြင့် စိုင်းစိုင်းခမ်းလှိုင်း ပြုလုပ်ရန်စီစဥ်

စစ်တပ်အာဏာသိမ်းပြီး​နောက် အ​စောပိုင်းဆန္ဒပြပွဲများတွင်ပါဝင်ခဲ့​သော်လည်း​နောက်ပိုင်း​ပျောက်သွား၍ ပြည်သူများ၏ လူမှု​ရေးပစ်ဒဏ်ခတ် (Social Punishment ) မှုခံရပြီးဖေစ်ဘွခ် ​ဖော်လိုဝါ တစ်သန်း​ကျော်ဆုံးရှုံးခဲ့သည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က အသက် ၄၅ နှစ်ပြည့်ဖျော်ဖြေပွဲပြုလုပ်ရန်စီစဉ်နေသည်။

နှစ်စဉ်မွေးနေ့ဖျော်ဖြေပွဲများပြုလုပ်လေ့ရှိသည့် စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်တွင် ၎င်း၏မွေးနေ့ ဧပြီ ၁၀ ရက်၌ အင်းယားလိတ်ဟိုတယ်၌ မွေးနေ့ပွဲပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်သည်။

မွေးနေ့ဖျော်ဖြေပွဲ လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သိန်းသတ်မှတ်ထားကာ အစားအသောက်များစိတ်ကြိုက်စားသောက်နိုင်မည့် ဝန်ဆောင်မှုပါဝင်ကြောင်းသိရသည်။

ယင်းပွဲပြုလုပ်မည့်အကြောင်း စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် ၎င်း၏ Fan Page Story တွင် ဧပြီ ၆ ရက်က ပုံတင်၍ အသိပေးထားသည်။

စိုင်းစိုင်းခမ်းလှိုင်ပေ့ခ်ျတွင် ယခုရက်ပိုင်းအတွက် ယခင်နှစ်များကဖျော်ဖြေပွဲပုံရိပ်များကိုတင်ပေးထားပြီး နှစ်အလိုက်မွေးနေ့ဖျော်ဖြေပွဲ ပိုစတာများကို စုစည်းတင်ထားသည်ကိုတွေ့ရသည်။

ယင်းဖျော်ဖြေပွဲကို ပွဲစီစဉ်သူ အီကြာကွေးက လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး မတ်လ ၆ ရက်တွင် စိုင်းစိုင်းခမ်းလှိုင်၏ ဓာတ်ပုံနှင့်အတူ “ဘယ်သူတွေ ဘာလုပ်နေကြတာပါလိမ့် “ဆိုသည့် စာသားနှင့်အတူ‌တင်ထားသည်။

ပွဲစီစဉ်သူ အီကြာကွေးသည် အိမ့်ချစ်၏ မွေးနေ့ကိုလည်း အင်းလျားလိတ်ဟိုတယ်၌ မတ်လ ၃၁ ရက်ညကပြုလုပ်ပေးခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်သည် အာဏာသိမ်းသည့် အချိန်က ပြည်သူများနှင့်အတူ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ယင်းအချိန်က ပြည်သူများ၏ Social Punishment ပြုလုပ်ခြင်းခံခဲ့ရပြီး ပေ့ခ်ျတွင် Follower တစ်သန်းခန့်ဆုံးရှူံးခဲ့ရသည်။

‌ယင်းအချိန်က မြန်မာပြည်သူများအသုံးများသည့် ဖေ့စ်ဘွတ်ခ်၌ ပျောက်ကွယ်ခဲ့သော်လည်း Instagram နှင့် YouTube တို့၌ ယခင်ကပြုလုပ်ခဲ့သည့် အနုပညာလှူပ်ရှားမှု များကိုတင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ တွင်စစ်ကောင်စီက ကျင်းပသည့် အကယ်ဒမီပေးပွဲတွင် ၎င်းကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားသော ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဖြင့် မင်းသားဆု နှင့် ထုတ်လုပ်သူဆုတို့ရရှိခဲ့သည်။

ထို့နောက် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ပြန်လည်တွေ့မြင်လာခဲ့ရပြီး ကြော်ငြာအသစ်များထွက်ရှိလာသည်ကိုလည်းတွေ့မြင်ရသည်။

ယခုရက်တွင်လည်း သင်္ကြန်ကာလနီးလာသောကြောင့် ပိတောက်ကတဲ့ဂီတဇာတ်ကားမှ ဇာတ်ဝင်တေးများကို Soundtrack Album အနေဖြင့် ဖြန့်ချိမည်ဟု ပြောကြားထားသည်။

စိုင်းစိုင်းခမ်းလှိုင်သည် မွေးနေ့ဖျော်ဖြေပွဲများကို ၂၀၀၄ တွင်စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလ၌ပင် အွန်လိုင်းဖျော်ဖြေပွဲအနေဖြင့် ကျင်းပခဲ့သူဖြစ်သည်။

(စိုင်းစိုင်းခမ်းလှိုင် Fan Page Story တွင် မတ်လ ၆ ရက်ကတင်ထားသည့် ဓာတ်ပုံ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *