မြဝတီကဝန်ထမ်းတွေကို ပြန်ခေါ်ရေးကိစ္စ မြန်မာဘက်က ကမ်းလှမ်းခဲ့ကြောင်း ထိုင်းအစိုးရ အတည်ပြု

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့က စစ်ကောင်စီဝန်ထမ်းတွေကို ပြန်ခေါ်ရေးကိစ္စ မြန်မာဘက်က ကမ်းလှမ်းခဲ့ ကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၈ ရက် ဒီနေ့ အတည်ပြုပြောဆိုပါတယ်။

ဧပြီ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တွေမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အထူးလေယာဥ်တွေ ဆင်းသက်ခွင့်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးကတစ်ဆင့် မြန်မာစစ်ကောင်စီက ဧပြီလ ၆ ရက်နေ့မှာ တောင်းဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထိုင်းအစိုးရက လူသားချင်းစာနာမှုအရ လေယာဥ်ဆင်းသက်ခွင့် ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြဝတီမြို့ပေါ်က လက်နက်ချထားတဲ့ စစ်ကောင်စီတပ်သား ခြောက်ရာကျော်ကို လာရောက်ခေါ်ဆောင်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း ဧပြီ ၇ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ လေယာဉ်ကွင်းကို ဆိုက်ရောက်ခဲ့ပေမယ့် ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် လူမပါဘဲ ပြန်လာခဲ့ရတယ်လို့ ကေအဲန်ယူနဲ့ မဲဆောက်ရောက် မြန်မာတွေက အတည်ပြုပြောပါတယ်။

လုံခြုံရေးအရ နာမည်မဖော်ပြချင်တဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ဒီလေယာဉ်ဟာ စစ်ကောင်စီ တပ်သားတွေကို ခေါ်ဖို့အတွက် လွှတ်လိုက်တာလို့ သုံးသပ်ပါတယ်။

“အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ ပြောရမှာပဲ။ စီမံခန့်ခွဲမှုကတော့ အင်မတန် ညံ့ဖျင်းတယ် ပြောရမှာပဲ။ စစ်ကစားမှုလည်း မရှိ၊ ဖြန့်ကြက်ခွဲဝေနိုင်တဲ့ စွမ်းအား (Distribution of power) လည်းမရှိဘဲ ဒီလိုပဲ ပုံသေကြီး လုပ်နေတာက ပြောရမယ်ဆို အဲဒီလောက်တုံးတာ မတွေ့ဖူးသေးဘူးပေါ့”

ဧပြီ ၈ ရက်နေ့ထုတ် ထိုင်း Khaosod သတင်းမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်ဖက်ကမ်းရှိ မြဝတီမြို့က စစ် ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)/ (PDF) ပူးပေါင်းတပ်တွေက စီးနင်းခဲ့ ကြောင်း၊ မြဝတီမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးရုံး၊ အကောက်အခွန်ရုံးနဲ့ လဝကရုံး အပါအဝင် စစ်ကောင်စီရဲ့ အရပ်ဘက်ဝန်ထမ်းတွေဟာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ထိုင်းမြန်မာနယ်စပ် ရွှေကုက္ကိုဒေသကို ထွက် ပြေးခဲ့ကြောင်း အရင်ဆုံး ဖော်ပြထားပါတယ်။

အဲဒီနောက် မတ်လ ၇ ရက် ညနေပိုင်းမှာတော့ မြန်မာစစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ထိုင်းအစိုးရထံ ဆက်သွယ်ပြီး မြန်မာစစ်လေယာဉ် ATR 72-600 ကို မဲဆောက်လေယာဉ်ကွင်းမှာ ဆင်းသက်ခွင့် တောင်းခဲ့ကြောင်း၊ အဲဒီလေယာဉ်ဟာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးမှာ စောင့်ဆိုင်းနေတဲ့ စစ်ကောင်စီရဲ့ ထွက်ပြေးဝန်ထမ်းတွေကို ခေါ်ယူဖို့ဖြစ်ကြောင်း ရေးထားပါတယ်။

ခွင့်ပြုချက်ရရင် စစ်တပ်အရာရှိ ၆၇ ဦး၊ တပ်ဖွဲ့ဝင် ၄၁၀ နဲ့ မိသားစုဝင် ၈၁ ဦးအပါအဝင် မြန်မာနိုင်ငံသား ၆၁၇ ဦး ကို ပြန်ခေါ်ယူမှာဖြစ်တယ်လို့လည်း Thai PBS World သတင်းဌာနရဲ့ ဧပြီ ၈ ရက် သတင်းမှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရသူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကလည်း စစ်ကောင် စီ လွှတ်လိုက်တဲ့လေယာဉ်ဟာ စစ်ကောင်စီတပ်သားတွေကို ခေါ်ဆောင်ဖို့လာတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါ တယ်။

“အဓိကတော့ သူတို့ ထိုင်းနဲ့ ညှိနှိုင်းရတဲ့ အပိုင်းရှိတာပေါ့နော်။ အဲဒါကြောင့် အခက်ခဲ တစ်စုံတစ်ရာရှိလို့ ဖြစ်တာ လား။ ဒါလည်း စဉ်းစားလို့ရပါတယ်။ စစ်သုံ့ပန်းတွေကို ကျွန်တော်တို့ မေးမြန်းရတာပေါ့။ သူတို့ ဘယ်လို ဖြစ်ချင်လဲပေါ့။ ပြန်ချင်တဲ့သူကိုတော့ ပြန်ခွင့်ပေးတယ်။ မပြန်ချင်တဲ့ လူကိုတော့ အတင်းအကျပ် မပို့ပါဘူးဆိုတဲ့ ကျွန်တော်တို့ သဘောထား ရှိပါတယ်”

လောလောဆယ် (KNU) ထံ လက်နက်ချလာတဲ့ သင်္ဃန်းညီနောင်စခန်းက စစ်သုံ့ပန်းတွေထဲမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်စခန်းတွေက လက်နက်ချသူတွေလည်း ပါဝင်နေတယ်လို့ ပဒိုစောတောနီး က ပြောပါတယ်။

လက်ရှိထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေထဲက ပြန်ချင်တဲ့သူတွေကို ပြန်လွှတ်မှာဖြစ်သလို မပြန်ချင်သူ တွေကိုတော့ သူတို့ရဲ့ဆန္ဒအတိုင်းပဲ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မဲဆောက်ရောက် မြန်မာတစ်ဦးကတော့ ကေအဲန်ယူဘက်က စစ်သုံ့ပန်း တွေကို မလွှတ်ပေးတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်လာခေါ်ပေမယ့် လူမပါသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကြည့်ရတာ KNU ဘက်က ခေါ်ထားတဲ့ကောင်တွေကို ပြန်မထုတ်တဲ့ပုံစံလို့ နားလည်ထားတယ်ပေါ့နော်။ ထိုင်း အာဏာပိုင် နယ်စပ်လုံခြုံရေးအဖွဲ့တွေကို မေးကြည့်တော့လည်း ပြန်ပို့ဖို့အစီအစဉ် သူတို့ မသိရဘူးလို့ပြော တယ်။ အဲတော့ လေယာဉ်လာသွားတာလည်း ဟုတ်တယ်။ မနေ့က လေယာဉ်ရောက်လာတယ်။ ကျွန်တော့် မိတ်ဆွေတွေ သွားကြည့်ဖြစ်ကြတယ်။ သို့သော် ဘာမှတော့ ခေါ်ပြီး ထွက်မသွားဘူးပေါ့”

မဲဆောက်လေယာဉ်ကွင်းဟာ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်-၁ တံတားအနီးမှာ ရှိနေပြီး စစ်ကောင်စီ လေယာဉ်ဆင်းသက်ချိန်မှာ လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာသံရုံးရဲ့ တောင်းဆိုချက်အရ ဧပြီ ၇ ရက်နေ့မှာ မြန်မာဘက်က လေယဉ်တစ်စင်း မဲဆောက်လေယာဉ်ကွင်းကို ဆိုက်ရောက်လာကြောင်း၊ အဲဒီနေ့မှာပဲ ချက်ချင်းပြန်ထွက်သွားကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက် ဧပြီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဆင်းသက်ဖို့ တောင်းဆိုထားတဲ့ အစီအစဉ်တွေကိုလည်း မြန်မာဘက်က ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဆက်လက်ဖော်ပြပါတယ်။ ဒါပေမဲ့ ဧပြီ ၇ ရက်က ရောက်လာတဲ့ လေယာဉ်ပေါ်မှာ ဘယ်သူတွေ လိုက်ပါသွားသလဲ၊ နောက်ထပ် ခရီးစဉ် နှစ်ခုကို မြန်မာဘက်က ဘာကြောင့် ဖျက်သိမ်းလိုက်သလဲဆိုတာတွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ အတိအကျ ရှင်းမပြထားပါဘူး။

ထိုင်းမြန်မာနယ်စပ်၊ အထူးသဖြင့် မြဝတီ ဧရိယာကအခြေအနေတွေကို အထူးစောင့်ကြည့်နေပြီး လိုအပ်သလို ဆောင်ရွက်ဖို့ အသင့်ပြင်ထားတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။ မနက်ဖြန် ဧပြီလ ၉ ရက်နေ့မှာ ထိုင်းအစိုးရက အစည်းအဝေးလုပ်ပြီး လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးမယ့်အကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ် အင်အားချည့်နဲ့နေပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော

မြန်မာစစ်တပ်ဟာ အင်အားချည့်နဲ့လာနေပြီဖြစ်တာကြောင့် စစ်တိုက်တာရပ်ပြီး တွေ့ဆုံဆွေးနွေးရမယ့် အချိန်တန်နေပြီလို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ” မြန်မာစစ်တပ် စတင်အင်အားချည့်နဲ့လာနေပြီဆိုတာ ကျွန်တော်တို့အားလုံး မြင်နေရပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုတွေးကြည့်ရအောင် ကိုယ့်ဘက်က ရှုံးနေပြီဆိုရင် ခင်ဗျား ဘာလုပ်မလဲ၊ သူတို့ကို ဆက်ပြီးဖိနှိပ်နေမလား၊ ဒါမှမဟုတ် သူတို့နဲ့စကားပြောမလား … သေချာတာကတော့ စစ်တပ်မှာ အာဏာနဲ့ လက်နက်ကတော့ ရှိနေတုန်းပါ။ ဒါပေမဲ့ ကိုယ်နဲ့တိုက်နေတဲ့သူတွေလောက် မသန်မာတော့ဘူးဆိုတာ သိလာရင်တော့ စကားပြောဖို့ ကမ်းလှမ်းပြီး သဘောတူညီချက်တစ်ခုခုရအောင် လုပ်ရမဲ့အချိန်ရောက်ပြီလို့ ကျွန်တော်ထင်တယ်” လို့ ပြောခဲ့တာပါ။

မြန်မာ-ထိုင်းနယ်စပ် စီးပွားရေးမြို့တော် မြဝတီမြို့မှာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ KNLA တပ်၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိုင်းဝန်ကြီးချုပ်ဆီကနေ ပြောဆိုသံထွက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် မြန်မာ့အရေးဖြေရှင်းနိုင်ရေး အမေရိကန်၊ တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့လည်း ဆွေးနွေးနေတယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေး ထိုင်းအစိုးရရဲ့ သဘောထား ရပ်တည်ချက် တစ်သံတည်းဖြစ်အောင် မနက်ဖြန်မှာ သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခု တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin)။ (Photo: AFP)


Comments

Leave a Reply

Your email address will not be published. Required fields are marked *