လှည်းတန်းခုံးကျော်တံတားပေါ် ယာဥ်တိုက်မှုအမျိုးသားတစ်ဦး သေဆုံး၊လေးဦး ဒဏ်ရာရ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယနေ့ ညနေ ၃နာရီခွဲကျော်က ယာဥ်တိုက်မှုဖြစ်ပွားပြီး ယာဥ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လှည်းတန်းခုံးကျော်တံတားပေါ်၌ ဟိုက်ဂျက်ယာဥ်နှင့် SUV အမျိုးအစား အိမ်စီးကားတို့ တိုက်မိခဲ့ပြီး ယင်းတိုက်မိသည့်အရှိန်ကြောင့် ဟိုက်ဂျက်ယာဥ်မှာ ပျက်စီးသွားကာ ယာဥ်မောင်းအမျိုးသားလည်း နေရာတွင် သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူပြည်သူတစ်ဦးက ဆိုသည်။

“ညနေက လှည်းတန်းခုံးတံတားပေါ်မှာ ကားနှစ်စီးတိုက်တာပါ။ ဟိုက်ဂျက်က အရှိန်လွန်ပြီး တိုက်တာလို့တော့ ပြောနေကြတယ်။ အရှိန်တော့ တော်တော်ပြင်းတယ်။ ဟိုက်ဂျက်တစ်စီးလုံး ပြားချပ်သွားတာပဲ။ ယာဥ်မောင်းက နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်။ တစ်ဖက်ကားက လူ လေးယောက်လည်း ထိခိုက်ဒဏ်ရာ ရသွားပါတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

“ဟိုက်ဂျက်က လမ်းပြောင်းပြန်ကျော်တက်ပီး တိုက်ကြတာဖြစ်မယ်။ ကုန်းပေါ်မှာ ကို့လမ်းထဲကိုတောင် ပုံမှန်သွားသင့်တာဗျာ။အခုတော့ မသေသင့်ဘဲ သေရတယ် “ဟု ယင်းကိစ္စအပေါ် အမျိုးသားတစ်ဦးက ‌ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ကြုံခဲ့ရပြီး တံတားပေါ်မှသွားသည့် ကားအချို့ အောက်လမ်းမှသွားခဲ့ကြောင်း ယင်းအချိန်ကYBS 35 စီးခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် သွားရောက်ခဲ့ပြီး သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား စမ်းချောင်း ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း အသိပေးဖော်ပြထားသည်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

လှည်းတန်းခုံးတံတားပေါ် ယာဉ်နှစ်စီးတိုက်မိပြီး ယာဉ်မောင်းတစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးတံတားပေါ်မှာ ဧပြီလ ၈ ရက်၊ ညနေ ၄ နာရီခွဲလောက်က ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းတစ်ယောက် အခင်းဖြစ်ရပ်မှာ သေဆုံးခဲ့တယ်လို့ ပြည်သူ+လူရွှင်တော် (စမ်းချောင်း) ပရဟိတအသင်း ဥက္ကဋ္ဌ ဦးမျိုးထွန်းက ပြောပါတယ်။

အခင်းဖြစ်စဉ်ကတော့ မြေနီကုန်းဘက်က မောင်လာတဲ့ Hijet ယာဉ် နဲ့ လှည်းတန်းဘက် မောင်းလာတဲ့ Soueast ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်မောင်းကတော့ အခင်း ဖြစ်ရပ်မှာ သေဆုံးခဲ့ပြီး Soueast ယာဉ်မောင်းလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဦးမျိုးထွန်းက ပြောပါတယ်။

အခင်းဖြစ်ရပ်မှာ သေဆုံးတဲ့ ယာဉ်မောင်း နဲ့ ဒဏ်ရာရတဲ့ ယာဉ်မောင်းတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo- CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *