နန့်ယား စစ်တပ်ဂိတ်စခန်းကို ၂ ရက်အကြာ တိုက်ခိုက်ပြီးနောက် KIA က အပြီးသတ် သိမ်းပိုက်ရရှိ

ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်အင်အား ၂၀၀ ကျော် တပ်စွဲထားသော နန့်ယား စစ်တပ်ဂိတ်စခန်းကို ၂ ရက်အကြာ တိုက်ခိုက်ပြီးနောက် KIA က အပြီးသတ် သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ စစ်အင်အား ၂၀၀ ကျော် တပ်စွဲထားသော နန့်ယား စစ်တပ်ဂိတ်စခန်းကို ၂ ရက်အကြာ တိုက်ခိုက်ပြီးနောက် KIA က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး KIA ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နန့်ယားစစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း ဧပြီလ ၁၀ ရက်နေ့ ညပိုင်းတွင် အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နန့်ယားဂိတ်သည် ဖားကန့်သို့လာသည့် ခရီးသည်တင်ကားများ၊ ကုန်ကားများအားလုံးကို ပိတ်ဆို့ စစ်ဆေးသည့် အဓိက စစ်တပ် ဂိတ်စခန်းကြီးတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်အင်အား ၂၀၀ ကျော် တပ်စွဲထားကြောင်း၊ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်ဆေးကြသည့် စုပေါင်းဂိတ်စခန်းလည်းဖြစ်ကြောင်း သိရှိရသည်။

“စခန်းကတော့ အပြီးသတ်ရပါပြီ။ ညပိုင်းရတော့ ရှင်းလင်းရေးမလုပ်ရသေးဘူး။ စစ်ခွေးတွေတော့ထွက်သွားပြီ။ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးလာကျဲနေတဲ့ကြားက သိမ်းလိုက်တာ။ လက် နက်ခဲယမ်း သိမ်းဆည်းရရှိမှုနဲ့ ခွေးသေစာရင်းတော့ ဒီနေ့ မနက်ပိုင်း နယ်မြေရှင်းလင်းပြီးမှ သိရမယ်။ စခန်းကိုတော့ ၁၀၀ ရာခိုင်နှုန်း သိမ်းပိုက်ပြီးစီးပါပြီ။ နန့်ယားကို ဒီမနက်မှ စစ်ခွေးတွေလက်နက်ချ​ပြီး အပြီးထွက်လာကြတယ်။ ဒီမနက် ၇ နာရီမှာ စခန်းကို ရှင်းလင်းရေးလုပ်နေတယ်.။ ဒီမနက်မှ တကယ်အပြီးသိမ်းတာ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။

ဖားကန့်မြို့နယ်၊ နန့်ယားရွာတွင် စစ်တပ်က တပ်စွဲထားသဖြင့် နန့်ယားစစ်တပ်ဂိတ်စခန်းဟု ခေါ်တွင်ခြင်းဖြစ်ပြီး ဖားကန့်မြို့မှ မိုးကောင်း-မြစ်ကြီးနားသို့ သွားလျှင်သော်လည်းကောင်း၊ မြစ်ကြီးနားမှ ဖားကန့်သို့သွားလျှင်သော်လည်း ခရီးသည်များ၊ ကုန်ကားများ ခရီးတစ်ထောက်နားနေကြသည့် ဂိတ်စခန်းကြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မတ်လ ၁၅ ရက်နေ့ KIA က သိမ်းပိုက်ရရှိခဲ့သော စစ်ကောင်စီ၏ ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်း။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top