မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိဟု ထိုင်းသတင်းမီဒီယာက သတင်းဖော်ပြ၊ မြ၀တီမြို့တွင် စစ်ကောင်စီတပ်စခန်းမရှိတော့

ထိုင်းလေတပ်က F-16 တိုက်လေယာဉ်များဖြင့် ထိုင်း-မြန်မာနယ်စပ် ကောင်း ကင်ယံတွင် အမြဲမပြတ် ပျံသန်းကင်းလှည့်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာဖြစ်သည့် The Reporter က ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခလရ ၂၇၅ တပ်ကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ခလရ ၂၇၅ ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ညနေပိုင်းကစပြီး ပစ်ခတ်သံနဲ့ တိုက်ပွဲဖြစ်သံတော့ ငြိမ်သက်သွားတယ်။ တစ်ချက်တစ်ချက်တော့ ပေါက်ကွဲသံလိုလို လေယာဉ်နဲ့ ဗုံးကျဲတာလိုလို အသံမျိုးတော့ ခပ်လှမ်းလှမ်းက ကြားရတယ်။ စခန်းသိမ်းလား မသိမ်းလားက သေချာမသိပါဘူး” ဟု မြ၀တီမြို့တွင် စစ်ဘေးရှောင်ရန် ပြင်ဆင်ထားသော ပြည်သူတစ်ဦးက ရှင်းပြသည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိမှု သတင်းနှင့်ပတ်သက်၍ KNLA နှင့် မဟာမိတ်တပ်များက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်ကို ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပါက မြ၀တီမြို့ပေါ်တွင် မည်သည့် စစ်ကောင်စီတပ်မှ မရှိတော့ဘဲ တော်လှန်ရေးတပ်များ၏ လက်ထဲသို့ မြ၀တီမြို့တစ်ခုလုံး ကျရောက်သွားမည်ဖြစ်သည်။

မြ၀တီမြို့ပေါ်ရှိ ဘဏ်များ၊ ရွှေဆိုင်များ၊ လုပ်ငန်းများ နှင့် မြို့မစျေးကြီးမှာ ဧပြီလ ၈ ရက်နေ့မှ စတင်ပိတ်ထားပြီး ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့တွင်လည်း ဆက်လက်ပိတ်ထားကြောင်း၊ မြန်မာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရသဖြင့် ထိုင်းဖုန်းနှင့် အင်တာနက်လိုင်းများကို အဓိက အသုံးပြုနေရကြောင်း၊ ကုန်စျေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ တစ်ရက်တည်းတွင်ပင် မြ၀တီမြို့မှ မဲဆောက်မြို့ဘက်သို့ ပြည်သူ ၄၀၀၀ တစ်ရက်တည်း ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်တွင် လုံခြုံရေး အထူးတိုးမြှင့်ခဲ့ပြီး ကြည်း တပ်ကလည်း သောင်းရင်းမြစ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ထားကြောင်း၊ ထိုင်းတော်ဝင်လေတပ်၏ F-16 လေယာဉ်များကလည်း ထိုင်း-မြန်မာနယ်စပ်တွင် ပျံသန်းကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်းတော်ဝင်လေတပ်၏ တိုက်လေယာဉ်များ ကင်းလှည့် ပျံသန်းနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *