မန္တလေးမှာ သုံးလောင်းပြိုင် အသတ်ခံထားရတာကို အမျိုးတွေလာမှသိ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အောင်သပြေရပ် ၁၀လမ်း၊ ၈၆လမ်းနဲ့ ၈၇ လမ်းကြားကအိမ်မှာ သုံးလောင်းပြိုင် အသတ်ခံထားရတာကို ဧပြီ ၁၁ရက် ညနေပိုင်းမှာ မရောက်တာကြာတဲ့ အမျိုးတွေလာမှ သိရတယ်လို့ ​ဒေသခံတွေထံမှ စုံစမ်းသိရှိရပါတယ်။

“ဆွေမျိုးတွေက အဆက်သွယ်မရလို့ နေအိမ်ရောက်လာကြတာ သော့ခတ်ထားတာကြောင့် တာဝန်ရှိသူများနဲ့ သော့ဖျက်ဝင်ရောက်တဲ့အခါမှာ နေအိမ်ရှိ သုံးယောက်လုံး အသတ်ခံထားရတာကိုတွေ့ရှိခဲ့ရတာ” လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ဦးမြင့်စိုးနဲ့ ဇနီးဒေါ်သန်းသန်းထိုက် သားမောင်ထက်ဝေစိုးတို့ဖြစ်ပြီး သားမိသားဖ သုံးယောက်စလုံးတစ်ပြိုင်နက်ထဲ အသတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အဲ့သေသွားတဲ့ အန်တီက ရွှေတွေတအားဝတ်တာ တစ်ကိုယ်လုံးညွတ်‌နေတာပဲ။ ဧပြီလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းမှာ အလှူကပြန်လာတာ‌တောင် တွေ့လိုက်သေးတယ် အဲ့နောက်ပိုင်းမှာ လူသတ်မှုဖြစ်သွားတာနေမှာ ညနေ ဘက် ရောက်တော့ အဲ့နားရုတ်ရုတ်သဲသဲဖြစ်နေကြတာ ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူဦးမြင့်စိုးနဲ့ ဇနီးဒေါ်သန်းသန်းထိုက်ရဲ့သမီးနှစ်ယောက်က ဂျပန်မှာ အလုပ်သွားလုပ်နေတော့ အခင်းဖြစ်တဲ့နေအိမ်မှာ သူတို့သားမိသားဖသုံးယောက်တည်းနေတာဖြစ်ပြီး ငွေကြေးအဆင်ပြေတော့ အနုကြမ်းစီး လူသတ်မှုဖြစ်သွားတာဖြစ်နိုင်တယ်လို့ ပတ်ဝန်းကျင်က လူတွေက ပြောပါတယ်။

“အန်တီက အရင်က တိုင်းရင်းဆေးခန်းဖွင့်တယ် သမီးနှစ်ယောက်က ဂျပန်မှာ လင်မယား နှစ်ယောက်လုံးအသက် ၆၀ လောက်ရှိပြီဗျ ဒေါ်မြသန်းကလေ အိပ်ခန်းအတွင်း ဦးခေါင်းဓားဒဏ်ရာနဲ့ သွေးအိုင်ထဲလဲကျ‌ သေဆုံးနေတာမြင်မကောင်းဘူးဗျာ သူ့ယောက်ျား ဦးမြင့်စိုးမှာလည်း မှာ ရေချိုးခန်းအတွင်း ဓားဒဏ်ရာများနဲ့ သေဆုံးနေတာ‌ အသက်၄၀ သူ့သား ထက်ဝေစိုးကတော့ နေအိမ်အိပ်ခန်းအတွင်း မှောက်လျှက်အနေအထားနဲ့သွေးအိုင်ထဲ လဲကျသေဆုံးနေတာကို တွေ့ခဲ့တယ် သုံးယောက်စလုံးမြင်မကောင်း‌ဘူးဗျာ” လို့ သော့ဖျက်ဝင်ရောက်တာမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ကတော့ ဒီသုံးလောင်ပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမတွေ့ရသေးပါဘဲစစ်ကောင်စီအာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ရွှေဆိုင်တွေနဲ့ ဘဏ်တွေကိုနေ့ခင်းကြောင်တောင် အုပ်စုဖွဲ့ ဓားပြတိုက်တာတွေ နိုင်ငံတဝန်းမှာ ဖြစ်ပေါ်နေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *