သင်္ကြန်အတွင်း လူစုလူဝေး မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မေတ္တာရပ်ခံ

စစ်ကောင်စီက လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်လာနိုင်တာကြောင့် သင်္ကြန်တွင်း လူစုလူဝေးမပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ နေ့စဉ်ရက်ဆက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြာင့် လူစုလူဝေးလို့ ယူဆရတဲ့ နေရာတွေကို အလစ်ချောင်း၊ အငိုက်ဖမ်းပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ရေးပြင်းထန်နေတဲ့ ကာလဖြစ်တဲ့ အလျှောက် သင်္ကြန်ကာလအတွင်းမှာ မြို့ပြသာမက ကျေးလက်တွေမှာပါ လူစုလူဝေးလုပ်တာ၊ လူအများအပြား စီးနင်းလိုက်ပါလာတဲ့ ကားတွေနဲ့ တမြို့ဝင်တမြို့ထွက် လှည့်လည်တာ၊ လူစုလူဝေးနဲ့ သင်္ကြန် မဏ္ဍပ်တွေ၊ Show ပွဲတွေ ကျင်းပတာ၊ ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလ ဆောက်တည်တာ၊ အလှူအတန်း ပြုလုပ်တာတွေကို မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အဖက်ဖက်ကနေ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်လေ့ရှိတာကြောင့် သင်္ကြန်အတွင်းမှာ မလိုလားအပ်တဲ့ အသက်တွေ အစုလိုက် အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့လူစုလူဝေးပြုလုပ်တာတွေကို ပြည်သူတွေ အနေနေနဲ့ ရှောင်ရှားပေးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မေတ္တာရပ်ခံ ပန်ကြားထားတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *