အိန္ဒိယမှကျွမ်းကျင် ဆရာဝန်တချို့ပင့်၍ ဆေးဝါး ကုသမှု ခံယူခဲ့

ဒုစစ်ခေါင်းဆောင် စိုးဝင်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရရှိသော နောက်ဆက်တွဲ ဒဏ် ရာ များအတွက် အိန္ဒိယမှကျွမ်းကျင် ဆရာဝန်တချို့ပင့်၍ ဆေးဝါး ကုသမှု ခံယူခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိ

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ရုံးတက် အစည်း အဝေးလုပ်နေသည့် စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းကို SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ ရက်ဆက်တိုက် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် ဒုစစ်ခေါင်းဆောင်ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၀ရက်နေ့ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်တွင် ခန်းမဆောင်ပေါ်သို့ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ခန်းမဆောင်၏ ခေါင်းမိုးပြိုကျသဖြင့် ပခုံးနှင့် အရိုးအကြော ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ပြသ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။

“သေတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒဏ်ရာရပြီး ဆေးဝါးကုသမှုခံယူနေပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ် စစ်တပ်ဘက်မှ အရာရှိတချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် အခြားစစ်ဗိုလ်ချုပ်တချို့မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် စစ်တပ်ဆိုင်ရာ အစည်းအဝေးများနှင့် အခမ်းအနားကို ယာယီအား ဖြင့် မတက်နိုင်သေးသော်လည်း ဒဏ်ရာ သက်သာသည်နှင့် လူလုံးပြ ရှေ့ပြန်ထွက်ရန်ရှိနေကြောင်း ၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *