ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေ ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေ ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။

ဦးလှဆွေ အဖမ်းခံရတယ်လို့ ကြားပေမဲ့ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“ဘူးလက်တို့တော့ ဖမ်းခံရတယ်ကြားတယ်၊ ဦးမြင့်လှိုင်ရယ်၊ ဘာကြောင့်ဖမ်းသလဲဆိုတာတော့ အမျိုးမျိုးပြောနေတာပေါ့၊ အထူးသဖြင့်တော့ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အားမလို အားမရဖြစ်တယ်တို့ဘာတိုတော့ ပြောတယ်ကြားတာပေါ့၊ အဲအတွက် ပုဒ်မတပ်ရမှာပေါ့၊ ဦးမြင့်လှိုင်တော့ ပုဒ်မတပ်ထားတယ်၊ သူတော့ ပြောလို့မရသေးဘူး၊ အခြေအနေက”

ဦးလှဆွေနဲ့ ဧပြီ ၁၂ရက်နေ့မနက်ကအထိ ဖုန်းအဆက်အသွယ်ရခဲ့ပေမယ့် သူဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့နောက် ညပိုင်းမှာ ထပ်မံဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဘူးလက်လှဆွေ ခေါ် ဦးလှဆွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ USDP ပါတီကနေ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်အရာရှိဟောင်း ဦးလှဆွေ ဟာ လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်၊ ပြည်ထဲရေး ဒုဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုး ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးမြင့်လှိုင်ကတော့ ဧပြီလ ၁၀ ရက်နေ့ မနက်ကတည်းက ဖမ်းဆီးခံလိုက်ရပြီး ဦးမြင့်လှိုင်ရဲ့ နေပြည်တော်က နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ထားတယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။

ဒါ့အပြင် အစိုးရဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်မြေ ၁၇၃၂ ဧကကို သူနဲ့ သူ့သမက်နာမည်တွေနဲ့ လျှောက်ထား ရယူခဲ့တဲ့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ အရ အရေးယူခဲ့တာလို့လည်း ဖတ်ရှုခွင့်ရတဲ့ ရဲကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

ဒီစစ်ဗိုလ်ချုပ်ဟောင်းတွေ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းကိုင်ပေမယ့် သတင်းထောက်လို့ ပြောတာနဲ့ ပြန်မဖြေဘဲ ဖုန်းချသွားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *