ဒလမြို့တွင် သင်္ကြန်ကာလ သီချင်းအကျယ်ကြီးဖွင့်မှုဖြင့် လူငယ် ၁ ဦးကို စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက သေလုမျောပါးဖြစ်သည်အထိ ဝိုင်းရိုက်
ရန်ကုန်တိုင်း ဒလမြို့ ကျောင်းစုရပ်ကွက်တွင် သင်္ကြန်တွင်း သီချင်းအကျယ်ကြီး ဖွင့်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်ခန့် ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး မင်းမင်းလတ်နှင့် အပေါင်းပါများက ကိုအေးဇော် ကို သေလုမျောပါးဖြစ်သည်အထိ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းတွင် သီချင်း အကျယ်ကြီးဖွင့်သည်ဟုဆိုကာ ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ လှမင်းက သီချင်းဖွင့်သော အိမ်မှ ကိုမျိုးဇော်ကို ဓားဖြင့် ထိုးခဲ့ကြောင်း၊ ထို့ကြောင့် ယင်းအိမ်မှ ကိုအေးဇော်က အကိုဖြစ်သူကို ဓားဖြင့်ထိုးသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် လှမင်းကို တုတ်ဖြင့် ပြန်လည် ရိုက်နှက်ကြောင်း၊ ထိုသို့ တုတ်ဖြင့် ရိုက်နှက်သူ ကိုအေးဇော်ကို ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် လှမင်းက ရပ်ကွက်ရုံးသို့ ခေါ်၍ အုပ်ချုပ်ရေးမှူး မင်းမင်းလတ်၊ လှမင်းနှင့် ကျော်ဦးတို့က သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ခဲ့ကြကြောင်း သိရှိရသည်။
“သင်္ကြန်အကြိုနေ့ညနေပိုင်း ညီအစ်ကိုနှစ်ယောက်သီချင်းဖွင့်တာကို အုပ်ကြီးနောက်လိုက် လှမင်းက ညီအစ်ကို ၂ ယောက်ထဲက အစ်ကိုလုပ်သူ ကိုမျိုးဇော်ကို ဓားနဲ့ခုတ်တယ်။ အဲဒီမှာ ညီကိုမျိုးဇော်က လှမင်းကို တုတ်နဲ့ရိုက်လိုက်တာ။ အဲဒါကို လှမင်းက သူ့ကို တုတ်နဲ့ ရိုက်ရမလားဆိုပြီး ရိုက်တဲ့ ကိုအေးဇော်ကို ရုံး ခန်းခေါ်ပြီး ဝိုင်းရိုက်တာ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောကြားသည်။
ကျောင်းစု ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းမင်းလတ်နှင့် ကျော်ဦး၊ လှမင်း တို့ ၃ ဦးပေါင်း၍ အကြမ်းဖက်ရိုက်နှက်မှုကြောင့် ကိုအေးဇော်မှာ တစ်ကိုယ်လုံးဒဏ်ရာ အပြည့်ဖြစ်ပြီးနေပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ အုပ်ချုပ်ရေမှူးနှင့်အဖွဲ့ ကို ရိုက်နှက်မှု၊ ဓားဖြင့် ထိုးမှုအတွက် ရဲစခန်းသို့ တိုင်ကြားခွင့်မရကြောင်း သိရှိရသည်။
Leave a Reply