မြဝတီကိုလာတဲ့ စစ်တပ်ရဲ့ထိုးစစ်ကို ဟန့်တားထားနိုင်ကြောင်း KNU ပြော

မြဝတီကိုလာတဲ့ စစ်တပ်ရဲ့ထိုးစစ်ကို ဟန့်တားထားနိုင်ကြောင်း KNU ပြော

စစ်ကောင်စီတပ်က ကရင်ပြည်နယ် မြ၀တီမြို့ကို ပြန်လည်ရရှိနိုင်ဖို့ စစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ပြီး ထိုးစစ်ဆင်လာတဲ့အပေါ် ကရင်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြီး ဟန့်တားထားနိုင်ကြောင်း ကရင်မျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၁၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မြ၀တီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ ခလရ-၂၇၅ တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က မြ၀တီမြို့ကို ပြန်လည်ရရှိရေး “အောင်ဇေယျ” နာမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတပ်ရပ်ကို ဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ချီတက်လာရာလမ်းတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်မှုမှာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားတချို့ကို ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား တစ်ရာကျော် ထိခိုက် သေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းဟာ မြ၀တီမြို့ကို မလာနိုင်ဘဲ ဒေါနတောင်တန်းရဲ့ အနောက်ဘက် တောင်ခြေမှာပဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကတော့ လမ်းတစ်လျှောက်က ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပစ္စည်းဥစ္စာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

KNLA နဲ့ ပူးပေါင်းတပ်တွေဟာ မြ၀တီမြို့အနီးတစ်၀ိုက်က တပ်စခန်းတွေအပါအဝင် KNU တပ်မဟာ (၆) နယ်မြေထဲက သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချစခန်း၊ ခမရ-၃၅၅၊ ခမရ-၃၅၆၊ ခမရ-၃၅၇၊ ဖလူးစခန်းနဲ့ ကျိုက်ဒုံဗျူဟာကုန်းစခန်းတွေကို သိမ်းယူထားပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့ဝင်များ တိုက်ခိုက်ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်၏ ယာဉ်များကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် KNU က ထုတ်ပြန်ထားစဉ်။ (Photo: KNU)


Comments

Leave a Reply

Your email address will not be published. Required fields are marked *