ပဲခူး၊ မန္တလေး၊ ညောင်ဦး အုပ်ကြီး၊ ရာမှူး ၅ ကောင်

ပဲခူးနဲ့ မန္တလေးမှာ စစ်မှုထမ်းဥပဒေကို ကူညီနေတဲ့ ရာအိမ်မှူးသုံးဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကို မဲနှိုက်ဖို့စည်းရုံးနေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦး ဧပြီလ ၁၉ ရက်နေ့မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်စင်ကုန်းရွာ ရာအိမ်မှူး ဦးနိုင်အောင်ဇင်နဲ့ ကဲလင်းကုန်းရွာ ရာအိမ်မှူး ဦးသောင်းနိုင်ဦးတို့ကို နတ်စင်ကုန်းရွာအနားမှာပဲ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေ အကောင်ထည်ဖို့ ကြိုးပမ်းနေတာကြေင့် ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေတာရှည် ဒေသခံတစ်ဦးကပြောပါတယ်။

“အဓိကတော့ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့နဲ့ လူငယ်တွေကိုမဲနှိုက်ဖို့ စည်းရုံးခြိမ်းခြောက်နေတဲ့ ရာအိမ်မှူးတွေပေါ့။ ပဲခူးမှာက ဒုတိယအသုတ်အတွက်တောင် မဲတွေပြန်နှိုက်ခိုင်းနေပြီ။ တခြားနေရာတွေမှာဆိုရင် လူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး လာဖမ်းသွားတယ်လို့ ကြားတယ်”

ကြို့ပင်ကောက်မြို့နယ် မျက်နီကွင်းရွာက အမျိူးသား လေးဦးကိုလည်း ဒုတိယအသုတ် စစ်မှုထမ်းဖို့ဆိုပြီး ဧပြီလ ၁၈ ရက်နေ့ ညမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၈ ရက်နေ့ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်၊ မိုးညို၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ဒုတိယအသုတ် စစ်မှုထမ်းဖို့ဆိုပြီး အမျိုးသား လေးဆယ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၉ ရက်နေ့မှာပဲ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ ရာအိမ်မှူး ဦးမောင်စိုးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးနဲ့ မန္တလေးတိုင်း စီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ညောင်ဦးမှာ အုပ်ချုပ်‌ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ ရေပေးဝေရေးရုံး (ပြည်သူ့ရေစင်ရုံး)အနီးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၉ ရက်ညနေ ၆ နာရီခန့်မှာ တောပြားကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုင်းကျော် ၅၆ နှစ် အပါအ၀င် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေရှိနေချိန်မှာ ပစ်ခတ်ခံရတာလို့ဆိုပါတယ်။

“အဲ့ရုံးနားမှာရှိနေတာ ဘာလုပ်နေကြလဲဆိုတာတော့ မသိရဘူး။ သေနတ်နဲ့ပစ်ခံရလို့ အုပ်ကြီးနဲ့သူတပည့်တယောက်သေတယ်။ ပြည်သူစစ်အချို့ ဒဏ်ရာရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရပြီး အုပ်ချုပ်ရေးမှူး ဦးတိုင်းကျော်နဲ့ တပည့်ဖြစ်သူ သိန်းနိုင် ၄၀ နှစ်ဟာ နဖူး၊ မျက်နှာ၊ ရင်ဘတ်နဲ့ လက်တွေမှာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူစစ်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးညွှန့်လှ ၆၉ နှစ်၊ ဦးသန့်ဇင် ၄၄ နှစ်တို့လည်း ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေကို ဒေသခံတွေက ညောင်ဦးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး တိုင်းကျော်ဟာ ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးဖြစ်ပြီး ကျေးရွာအတွင်း အတင်းအဓမ္မစစ်သား စုဆောင်းနေသူလည်းဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီပစ်ခတ်မှုကို ညောင်ဦးအခြေစိုက် ဒေသခံမဟာမိတ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့သိရပြီး လုပ်ဆောင်တဲ့အဖွဲ့‌တွေကတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

၂၀၂၃ ဇွန် ၂၃ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အုန္နဲချောင်းကျေးရွာအဝင် ညောင်ဦး-မြင်းခြံသွားလမ်းဘေးမှာ ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတဦး အသတ်ခံခဲ့ရပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *