စစ်တပ်က တိုက်လေယာဉ်ဖြင့် မရပ်မနား တောက်လျှောက် ဗုံးကျဲနေ

မြ၀တီမြို့နယ်တွင် ညသန်းခေါင်ယံအချိန်မှ လက်ရှိ နံနက်အစောပိုင်းအချိန်အထိ စစ်တပ်က တိုက်လေယာဉ်ဖြင့် မရပ်မနား တောက်လျှောက် ဗုံးကျဲနေ၊ စစ်ဘေးရှောင်ပြည်သူများ ညတွင်းချင်း ထိုင်းဘက်သို့ ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ယနေ့ ည သန်းခေါင်ယံအချိန်မှ ယခု နံနက်အစောပိုင်းအချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် မရပ်မနား တောက်လျှောက်ဆိုသလို ဗုံးကျဲနေပြီး စစ်ဘေးရှောင် ပြည်သူများ ညတွင်းချင်း ထိုင်းဘက်သို့ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများနှင့် မြ၀တီ စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

“အခု ည ၁၂ နာရီလောက်စပြီး တိုက်လေယာဉ်တွေ Y 12 လေယာဉ်တွေ လာတယ်။ Y12 လေယာဉ်လို့သိတာက အဲဒီလေယာဉ်လာရင် အရမ်းအသံကျယ်ပြီး နားညဉ်းတယ်။ အဲဒါ အမှတ် ၂ တံတားနားကို ဗုံးတွေ ဆက်တိုက်ကျဲချနေတာ။ အမှတ် ၂ တံတား ဘေး၊ ညာကို ကျဲတာ။ ဗုံးအလုံး ၂၀ လုံးကျော်ရှိနေပြီ။ အခုထက်ထိ ကျဲနေတုန်းပဲ။ တစ်ညလုံး တစ်မနက်လုံးကျဲမယ်ထင်တယ်” ဟု မြ၀တီ မြို့ သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးစတင်ကျဲရာတွင် ည ၁၁ နာရီ ၅၆ မိနစ်မှစတင်၍ ကျဲချခြင်းဖြစ်ပြီး နံနက် ၀၀ နာရီ ၄၀ မနစ်အချိန်တွင် လေယာဉ်ဖြင့် ဗုံး ၄ လုံး၊ နံနက် ၀၀ နာရီ ၄၆ မိနစ်တွင် ဗုံး ၃ လုံး၊ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန် ဗုံး ၂ လုံး၊ နံနက် ၁ နာရီအချိန်တွင် ဗုံး ၄ လုံး ၊ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် လေယာဉ် များဖြင့် ဗုံး ၁၂ လုံး တောက်လျှောက်ကျဲချနေကြောင်း သိရှိရသည်။

ထို့ပြင် မြဝတီမြို့နယ် တောင်ဘက် လက်ခတ်တောင်ကို လေယာဉ်ဖြင့် ဗုံးကျဲကြောင်း ၊ မြဝတီ အနောက်မြောက်ဘက် မှတ် ၂ တံတားအနီးရှိ ရေပူ နှင့် မွေမြူရေးဇုန် ၊ ရှမ်းလမ်းခွဲ ၊ နေစိုးမြ ကျေးရွာ အနီးတို့တွင် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရ ကြောင်း၊ ယနေ့ညပိုင်း အမှတ်၅ မွေးမြူရေးဇုန်တွင် မီးလောင်ကျွမ်းမှု တချို့ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီကအမှတ် ၂ တံတားအပြင် မြဝတီမြို့၊ ပတ္တမြားဓာတ်ဆီဆိုင်လမ်းကြားအနီး ဝါးတော၊မဟာစည်၊မွေးမြူရေးဇုန်တို့ကိုလည်း ပစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် နေအိမ်အများအပြား မီးလောင်မှုများရှိနေကြောင်း၊ ပစ်ခတ်မှုများမှာ လက်ရှိ သတင်းရေးသားအချိန်အထိ ရှိနေကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်း နားဘေးမှာ စိုက်ပျိုးရေး၊ မွေးမြူ ရေးဇုန် အမှတ် ၅ ရပ်ကွက်မှတစ်ဆင့် သောင်ရင်းမြစ်ကို ဖြတ်ကျော် စစ်ဘေးရှောင် ပြည်သူများ ထိုင်းဘက်အခြမ်းသို့ ဝင်ရောက်နေကြကြောင်း၊ ထိုင်းစစ် တပ်နှင့်ရဲများက ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။

စစ်ကောင်စီလေယာဉ်များက မြ၀တီမြို့အနီးဝန်းကျင်အထိ ဗုံးကျဲမှုများလုပ်လာပြီး ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေး၊ အမှတ် ၁ ချစ်ကြည်ရေးတံတားတွင် မြ၀တီဘက်မှ မဲဆောက်ဘက်သို့ ကူးမရတော့

မြ၀တီ သောင်ရင်းမြစ်ကမ်း အမှတ် ၁၂ ဂိတ်တွင် စစ်ရှောင် ပြည်သူများပိတ်မိနေပြီး ဒဏ်ရာရ ပြည်သူတချို့ ရှိနေ၍ ကူညီကယ်ဆယ်ပေးရန် မေတ္တာရပ်ခံ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလေယာဉ်များက မြို့နှင့်အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲမှုများပြုလုပ်လာပြီး ပြည်သူများအားလုံးမြို့ကို စွန့်ခွာ ထွက်ပြေးနေရကြောင်း မြ၀တီမြို့မှ စစ်ဘေးရှောင် ပြည်သူများကပြောဆိုသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မြ၀တီမြို့နှင့် အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲလာကြောင်း၊ ယမန်နေ့ညပိုင်းမှ နံနက်အစောပိုင်းအထိ အမှတ် ၂ ချစ်ကြည်ရေးတံတား အနီးတွင်သာ ဗုံးကျဲခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ဘက်ကိုပါ အလွန်နီးကပ်စွာ ဗုံးကျဲလာကြောင်း ၊ မြ၀တီမြို့၏ ပြည်သူ များအားလုံးမှာ သောင်ရင်းမြစ်ကမ်းဘေးတွင် ရှိနေကြကြောင်း သိရှိရသည်။

“ဒီမနက် ၆ နာရီ ၅၀ မိနစ် ကစ၍ မြဝတီမြို့ကို နီးကပ်တဲ့နေရာတွေအထိ စစ်တပ်က တိုက် လေယာဥ်နဲ့ ဗုံးလာကျဲနေတယ်။ ပေါက်ကွဲသံကြားရတာက ကုန်သွယ်ရေး ဇုန် နဲ့ ညီနောင်ဘက်ပါကြားနေရပြီ။ စစ်လေယာဥ်တွေလည်း ၁၀ မိနစ် တစ်ခါလိုဗုံးကျဲနေဆဲပဲ ။ မြဝတီမြို့ရဲ့ လူဦးရေ သုံးပုံ နှစ်ပုံက သောင်ရင်းမြစ်နဲ့ မဲဆောက်ကမ်းဘက်ကို ပြေးနေကြရတယ်။ ပြေးလို့မရဘဲ ပိတ်မိနေသူတွေလည်း အများကြီးပဲ” ဟု မြ၀တီမြို့တွင် လက်ရှိအချိန်အထိ သီတင်းသုံးနေဆဲ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

လက်ရှိတွင် အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား၊ မြ၀တီဘက်အခြမ်းတွင် ပြည်သူများစွာ ပိတ်မိနေကြောင်း၊ မြ၀တီမှ မဲဆောက်ဘက်သို့ ကူးမရဖြစ်နေကြောင်း၊ သောင်ရင်းမြစ်ကမ်းဘေးများတွင်လည်း ပြည်သူများစွာရှိနေကြောင်း သိရှိရသည်။

“မြ၀တီဘက်နေက မဲဆောက်ဘက်အကူးကို သွားလို့မရတော့ဘူး။ ထိုင်းဘက်အခြမ်းက ဖွင့်ထားတယ်။ မြန်မာဘက်က ကူးမရတာ။ မဲဆောက်ကနေ မြ၀တီဘက်ကို ကူးချင်ရင်တော့ ထိုင်းဘက်က လွှတ်ပေးတယ်။ အခြေအနေကတော့အတော်ကို စိုးရိမ်နေရပြီ။ အမှတ် ၁ တံတားက ကူးမရတော့ မြ၀တီဘက်မှာ ကူးဖို့ စောင့်နေသူတွေ ပြည်သူတွေ အများကြီး ပိတ်မိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မြ၀တီဘက်အခြမ်း သောင်ရင်းမြစ်ကမ်း၊ အမှတ် ၁၂ ဂိတ်တွင် ပြည်သူများစွာ စစ်ဘေးရှောင်ရန် ပိတ်မိနေကြကြောင်း၊ ထိုင်းဘက်ကလည်း မြ၀တီ အမှတ် ၁၂ ဂိတ်မှ စစ်ဘေးရှောင် ပြည်သူများကို ကမ်းကူးခွင့်မပြုကြောင်း၊ ၁၂ ဂိတ်တွင်ဒဏ်ရာရရှိထားသော ပြည်သူများစွာလည်းရှိနေကြောင်း သိရှိရသည်။

“သောင်ရင်းမြစ် ၁၂ ဂိတ်ဘက်မှာ ပြည်သူတွေအများကြီးပဲ ပိတ်မိနေတာ။ ထိုင်းဘက်ကလည်း ပေးမကူးဘူး။ BGF တွေကလည်းလက်နက်တွေ နဲ့ စောင့်နေကြတာ။ ဒဏ်ရရထားတဲ့ ပြည်သူတွေလည်း အများကြီးပဲ။ ကူညီကယ်ဆယ်ရေးသမားတွေ အကူအညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူတွေ ၁၂ ဂိတ်မှာ အရမ်းဒုက္ခရောက်နေကြပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။

မြန်မာစစ်ကောင်စီလေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှုမရှိစေရန် ၂၄ နာရီစောင့်ကြည့်နေပြီး ယနေ့ နံနက်ပိုင်း ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ကင်းလှည့်ပျံသန်းမည်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် မြန်မာပြည်သူများကို ဗုံးကျဲပစ်ခတ်နေသော မြန်မာစစ်ကောင်စီလေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှုမရှိစေရန် ၂၄ နာရီစောင့်ကြည့်နေကြောင်း ထိုင်းသတင်းမီဒီယာများနှင့် စစ်ဘက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာက သတင်းဖော်ပြထားသည်။

ယမန်နေ့ ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ မြ၀တီမြို့နယ်တွင် ဗုံးကျဲနေသော မြန်မာစစ်ကောင်စီလေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှု မရှိစေရေးအတွက် ရေဒါများမှတစ်ဆင့် ၂၄ နာရီမပြတ် စုံစမ်းထောက်လှမ်းနေကြောင်း၊ ယနေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ထိုင်းတော်ဝင် လေတပ်၏ F-16 တိုက်လေယာဉ် ၂ စီး ကင်းလှည့်ပျံသန်းမည်ဖြစ်ကြောင်း၊ ပျံသန်းမှုကို ကြိုတင် သတင်းထုတ်ပြန်ရခြင်းမှာ ထိုင်းပြည်သူများအကြား သိရှိထားစေရန်ဖြစ်ပြီး နားလည်မှု လွဲမှားမှုများ မဖြစ်ပေါ်စေရန် ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

ထို့ပြင် မြေပြင်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး ၂၄ နာရီ နေ့ညမပြတ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက် ကင်းလှည့်လျက်ရှိကြောင်း၊ မြန်မာဘက်မှ ပဋိပက္ခ တိုက်ပွဲများ ထိုင်းမြေပေါ်သို့ မရောက်ရှိစေရေး လုံခြုံရေး ဆောင်ရွက်နေကြောင်း၊ မြန်မာဘက်မှ ကူးလာသော စစ်ဘေးရှောင် ပြည်သူများကိုလည်း ထိုင်းစစ်တပ်နှင့် အာဏာပိုင်များက ကူညီလျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *