လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ အဓိကရုဏ်း ဖြစ်စေရန် ယုတ်မာသော အကြံဖြင့် လှုံ့ဆော်နေ

ဘူးသီးတောင်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ အဓိကရုဏ်း ဖြစ်စေရန် ယုတ်မာသော အကြံဖြင့် လှုံ့ဆော်နေကြောင်း NUG အစိုးရ သတိ ပေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာများကို အဓမ္မစစ်သားအဖြစ် စုဆောင်းနေမှု၊ လူမျိုးရေးပဋိပက္ခ အရှိန်မြင့်တက်စေရန် ဖိအားပေး၍ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေမှု၊ လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရိုဟင်ဂျာများကို တရားမဝင်အဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်ကို ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင်ဆန္ဒပြပွဲများ ကျင်းပကြောင်း၊ လူမျိုးရေး ပဋိပက္ခအရှိန်မြင့်တက်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးများနှင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူ့နေအိမ်များနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း၊ ထိုသို့ ရခိုင်ပြည်နယ်တွင် ပြည်သူများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နေမှုကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်သည့် လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်တွင် ပါရှိသည်။

“အကြမ်းဖက်စစ်တပ်ကတော့ ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံသုံးမှာပဲ။ ဒီလိုမျိုး ပဋိပက္ခတွေဖန်တီးနေတာပဲ။ ရခိုင်မှာဆိုရင် ရိုဟင်ဂျာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ဘာသာရေးမတူညီမှုအပေါ်အခြေခံပြီးတော့ ဘာသာရေးပဋိပက္ခတွေ ၊ လူမျိုးရေးပဋိပက္ခတွေ အရင်တုန်းက အကြမ်းဖက်စစ်တပ်က တောက်လျှောက်လုပ်ခဲ့တာတွေရှိတယ်။ အခုလည်း တစ်စိုက်မတ်မတ်လုပ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ အားလုံး သတိကြီးစွာထားပြီးတော့ လူမျိုးရေးပဋိပက္ခဖန်တီးတဲ့ ကိစ္စအပေါ်မှာ ပါမသွားဖို့။ ပြည်သူကတော့ သိပြီးသားပါ။ ဒါပေမဲ့ နောက်ပိုင်းကျရင် စစ်တပ်က ဒီဟာကို တစ်စိုက်မတ်မတ်လုပ်လာတဲ့အခါမှာ သတိကြီးကြီးထားဖို့တော့ လိုမယ်လို့ ထင်ပါတယ်”ဟု NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ထိုသို့ ရခိုင်ဒေသတွင်း လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် နိုင်ငံတကာမှ သိရှိစေရန် အချက်အလက်များ စုဆောင်းခြင်း၊ သက်သေများ စုဆောင်းခြင်းတို့ လုပ်ဆောင်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် နိုင်ငံတကာမှ သိရှိစေရန် လုပ်ဆောင်နေကြောင်း၊ ရိုဟင်ဂျာလူမျိုးများအနေနှင့် NUG အစိုးရသို့ ဆက်သွယ်လာခြင်းများ၊ အကူအညီတောင်းခံလာခြင်းများ ရှိလာသည့်အခါတွင်လည်း သက်ဆိုင်ရာ အင်အားစုများနှင့် ပူးပေါင်းဖြေရှင်းလျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ် ထံမှ သိရှိရသည်။

“ရိုဟင်ဂျာတွေရဲ့ ပြဿနာက Camp တွေမှာ နေရတော့ စစ်တပ်ကို တိမ်းရှောင်ဖို့ကို ခက်တော့ မဖြစ်မနေ လိုက်သွားရတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ ကြားသိရတယ်။ ဘယ်လိုမှ ငြင်းဆန်လို့မရဘဲ လိုက်ပါသွားတယ်ဆိုရင်လည်း ရှေ့တန်းစစ်မျက်နှာကို ရောက်တဲ့အခါမှာ တစ်နည်းနည်းနဲ့ တော်လှန်ရေးအင်အားစုတွေ၊ ရခိုင်ဘက်မှာဆိုရင် AA ပေါ့။ အလံဖြူပြတာ ၊ ခိုလှုံတာတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီဘက်ကလည်း လက်ခံမယ်လို့ ပြောထားတာတွေရှိတယ်။ ဒီအကြမ်းဖက်စစ်အုပ်စုဘက်ကနေပြီး ကျည်ဖောက်တာမျိုး၊ သူ့ဘက်ကမနေဘဲ ရတဲ့ နည်းနဲ့ ဆန့်ကျင်ကြဖို့၊ တော်လှန်ရေးအင်အားစုတွေလည်း အခွင့်အရေးရတာနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။

ဓာတ်ပုံ- ဘူးသီးတောင်မြို့ပေါ်အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်နေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *