ဘေးတွဲများ ည ၈ နာရီကျော်လွန်မောင်းနှင်ပါက ပစ်ခတ်ဖမ်းဆီးမည်

ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်အသုံးပြု ဗုံးခွဲတိုက်ခိုက်မှုအချို့ရှိလာပြီးနောက် ဘေးတွဲများ ည ၈ နာရီကျော်လွန်မောင်းနှင်ပါက ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်ကောင်စီခြိမ်းခြောက်

ရန်ကုန်မြို့တွင်း ပျောက်ကျားတပ်ဖွဲ့များ၏ ဗုံးခွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့နယ်အချို့တွင် ဘေးတွဲဆိုင်ကယ်များကို ည ၈ နာရီကျော်လွန်၍ မောင်းနှင်ပါက ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်‌ပြောဆိုကြောင်း ဘေးတွဲမောင်းသူများထံမှ သိရသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပမြို့နယ်များတွင် ည ၈ နာရီနောက်ပိုင်း ဘေးတွဲဆိုင်ကယ်များအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခံရမှုများရှိနေသည့်အတွက် ယခုကဲ့သို့တင်းကျပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးလာခွဲတဲ့သူတွေက ဆိုင်ကယ်တွေနဲ့ လာပစ်တာများလို့တဲ့။ နောက်ပြီး အစတည်းကလည်း ပြေးဆွဲခွင့်ပေးထားတာမဟုတ်ဘူး။ ခင်ဗျားတို့ကို နားလည်မှုအရ မောင်းခွင့်ပေးထားတာပေါ့။ ည ၈ နာရီနောက်ပိုင်းကို သူတို့ကင်းလှည့်တာနဲ့တွေ့ရင် လမ်းမမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲဖြစ်ဖြစ် ဖမ်းမယ်ပေါ့။ အသာတကြည် အဖမ်းမခံရင် ပစ်ဖမ်းတာတွေလုပ်မယ်လို့ ဂိတ်ကိုလာပြောသွားတယ်ဗျ” ဟု လှိုင်သာယာမြို့နယ် ၅ ထိပ်မှတ်တိုင်တွင် ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်များက ဘေးတွဲဆိုင်ကယ်များကိုလည်း ည ၈ နာရီနောက်ပိုင်းတွင် ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည်ဟု သိရသည်။

“ဒီဘက်မှာကတော့ အုပ်ချုပ်ရေးမှူးက ခေါ်ပြောတာ။ ညဘက်ကို ၈ နာရီနောက်ပိုင်းကို မမောင်းတော့ဖို့ပေါ့။ တခြားအချိန် ဖမ်းဆီးတာဆို သူတို့လည်း လိုက်ရှင်းပေးလို့ရပေမဲ့ အဲဒီအချိန်ဖမ်းတာမိရင်တော့ မတတ်နိုင်ဘူးပေါ့။ အဲဒီအချိန်တွေက ဗုံးပေါက်ကွဲတာတွေအဖြစ်များတော့ ကင်းလှည့်လို့တွေ့ရင် ခေါ်စစ်မယ်။ အစစ်မခံဘဲ မောင်းပြေးတာမျိုးတို့ဆို ပစ်ဖမ်းမယ်ပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်(က)ရပ်ကွက်က ဘေးတွဲမောင်းသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သန်လျင်မြို့နယ်တွင် ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် ဘေးတွဲမောင်းသူတစ်ဦး သေဆုံးခဲ့ရသည်။

ရန်ကုန်တွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးငွေညှစ်မှုများ မကြာခဏလုပ်ဆောင်နေကြသည်။

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်အချို့တွင် ဘေးတွဲဆွဲခွင့်ရရန် အုပ်ချုပ်ရေးမှူးများကို တစ်လလျှင် ကျပ် ၅၀ဝ၀ မှ ၁၀,ဝ၀ဝ အထိ ပေးဆောင်နေရမှုများလည်းရှိနေသည်။ ထို့ပြင် ညဘက် ကင်းလှည့်ခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းနှင့် ကင်းစောင့်စေခြင်းများတွင်လည်း ဘေးတွဲယာဉ်မောင်းများကို ခေါ်ယူအသုံးပြုနေကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *