မြဝတီမြို့စောင့်တပ် ခလရ -၂၇၅ မှလွဲ၍ ကျန်နေရာများကို KNU က ထိန်းချုပ်ထားဆဲ

မြဝတီမြို့စောင့်တပ် ခလရ -၂၇၅ မှလွဲ၍ ကျန်နေရာများကို KNU က ထိန်းချုပ်ထားဆဲ ဖြစ်ပြီး ခရီးလမ်းဆုံးခမ်းတိုင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုပြော

ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက ယာယီ ဆုတ်ခွာခဲ့သော်လည်း မြို့စောင့်တပ်ဖြစ်သည့် ခလရ-၂၇၅ တပ်မှလွဲ၍ စစ်ကောင်စီ၏ ကျန်တပ်စခန်းများကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံက သိရသည်။

ထို့အတူ မြဝတီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးဖြင့် မရအရ ပြန်သိမ်းမည်ဟု ကျုံးဝါး၍ ဒရောသောပါး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် အပေါင်းအပါအားလုံးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များက ပြတ်ပြတ် သားသား ရိုက်ချိုးဖြတ်တောက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။

“ပိုပြီးရှင်းအောင် ပြောချင်တာက ကျွန်တော်တို့ တပ်တွေအကုန်လုံး သင်္ကန်းညီနောင် ၃၅၅၊ ၃၅၆ ၊ ၃၅၇ ဗျူဟာ အကုန်လုံး ကျွန်တော်တို့ ထိန်းထားတယ်နော်။ လက်ရှိ ကျွန်တော်တို့ တပ်တွေပဲ ရှိတယ်။ မရှိတာတစ်ခုက အဲဒီမြို့ထဲက ၂၇၅ ပါပဲ ရှိတယ်။ အဲဒါ အားလုံးသိဖို့ပေါ့နော်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မြ၀တီမြို့စောင့်တပ် ခလရ-၂၇၅ ကို ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ခလရ-၂၇၅ မှ စစ်ကောင်စီတပ် ဖွဲ့ဝင်များသည် ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေး တံတားအနီးသို့ ဆုတ်ခွာသွားခဲ့သည်။

KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၂၃ ရက်နေ့တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဦးဆောင်ခေါ်လာမှုကြောင့် ၎င်းတို့ သိမ်းပိုက်ထားသည့် မြ၀တီမြို့စောင့်တပ် ခလရ-၂၇၅ မှ ယာယီဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယာယီဆုတ်ခွာသွားပြီးနောက် ဧပြီ ၂၃ ရက်နေ့တွင်ပင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဦးဆောင်ခေါ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သည် ၎င်းတို့၏ အလံကို ခလရ-၂၇၅ တွင် လာတင်ခဲ့ကြောင်း သိရသည်။

“အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေပြီး စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲ့ဒီ ၂၇၅ မှာပဲ စစ်ကောင်စီအလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့ အပေါ်မှာတော့ အထူးသဖြင့် ဒီလိုအင်မတန်မှကို အရေးကြီးတဲ့အခါမျိုးမှာ ရန်သူဆင် ထားတဲ့အကွက်ထဲ မကျရောက်စေဖို့အတွက် ကျွန်တော်တို့ KNLA ပူးပေါင်းတပ်တွေ မြဝတီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိမေးမြန်းနိုင်ရန် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အသွင်းပြောင်း ကရင်အမျိုးသားတပ်မတော် (KNA)မှ ဗိုလ်မှူးနိုင်မောင်ဇော်နှင့် တာဝန်ရှိသူတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်ကောင်စီသည် မြ၀တီမြို့၊ အမှတ် (၂) ချစ်ကြည်ရေး တံတား၀န်းကျင်ကို ဧပြီ ၂၂ ရက်ကလည်း တိုက်လေယာဉ်များ အသုံးပြုကာ ပေါင် ၅၀၀ ဗုံးသီး ခြောက်လုံးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး၍ အများအပြား ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦအချို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်သူလူထု ထိခိုက်သေဆုံး၊ နစ်နာမှုများသည် ပိုမိုကြီးမားလာရန် ရှိသည့်အတွက် KNU အနေဖြင့် စစ်‌ဆင်ရေးကို ခတ္တရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

“ဒီမြဝတီ မြို့သိမ်းတိုက်ပွဲကို အပြတ်အသတ် အောင်မြင်ပြီးစီးအောင် လုပ်ခဲ့ရပြီးပြီမှ အခုစောချစ်သူရဲ့ BGF တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ပေါင်းပြီး အဲ့ဒီဒေသမှာရှိနေတဲ့ အကောက်ခွန်တွေ၊ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးဝင်ငွေတွေ အဲ့ဒါတွေရရှိ ဖို့အတွက် ဝင်ရောက်ပြီး‌တော့ ရှုပ်ထွေးအောင်‌လုပ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ KNU ဗဟိုအနေနဲ့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူထုထိခိုက်နစ်နာမှု များမှာ စိုးတဲ့အတွက် နောက်ပြန်ဆုတ်လာတဲ့ အနေအထားပါ” ဦးသန်းစိုးနိုင်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကမူ ထိုအခြေအနေနှင့် ပတ်သက်၍ လတ်တလောတွင် မှတ်ချက်ပေးရန် မရှိသေး ကြောင်းပြောသည်။

KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များသည် ဧပြီ ၂၁ ရက်ကလည်း ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကြောင်းထိုးလာသည့် “အောင်ဇေယျ” စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ် ဦးနှင့် ဗိုလ်လေး တစ် ဦး အပါအဝင် စုစုပေါင်း ခြောက် ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် တစ်စီး၊ စက်သေနတ်တပ် စစ်သုံးယာဥ် နှစ် စီးအပါအဝင် အခြားလက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်တွင်လည်း တပ်စခန်းအား စွန့်ခွာ၍ အမှတ် (၂) ချစ်ကြည်ရေး တံတားအောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသည့် ခလရ-၂၇၅ မှ စစ်ကောင်စီတပ်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၃၀ ဦးအထက် သေဆုံး ခဲ့ပြီး တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် ၃၀ ဦးနှင့်အထက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“တိုင်းပြည်တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရမှာပါ။ စစ်အာဏာရှင်စနစ်နဲ့ မည်သည့်အာဏာရှင် စနစ်ကိုမဆို ကျွန်တော်တို့ရဲ့ ဦးတည်ချက်က ဒီမြဝတီမြို့ ကွက်ကွက်လေးကိုပဲ ကြည့်နေတာမဟုတ်ဘူး။ ဘယ်လောက် အခက်အခဲ၊ အကျပ် အတည်းတွေ ရှိနေပါစေ ကျွန်တော်တို့အားလုံး ပြန်လည်ရုန်းထပြီးတော့ ဒီမပြီးသေးတဲ့ ဒီခရီးလမ်းကို ဆုံးခန်းတိုင်အောင် ပြည်သူလူထုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောသည်။

ထို့အပြင် တိုင်းပြည်ကို အုပ်ချုပ်သူပြောင်းလဲရေး၊ Regime Change တစ်ခုတည်းဖြင့် တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ အဖက်ဖက်ကနေ ပျက်စီးယိုယွင်းနေသော စနစ် အားလုံးကို ပြောင်းလဲပစ်ရေး ဆိုသည့် System Change ဖြစ်ပေါ်လာရေးအတွက် အင်တိုက် အားတိုက်၊ တစိုက်မတ်မတ် ဦးတည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီ၏ အင်အား ၅၀၀ ခန့်ပါသည့် အဆိုပါ “အောင်ဇေယျ” စစ်ဆင်ရေးအမည်ရ စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကတည်းက ကော့ကရိတ်မြို့သို့ သံချပ်ကာယာဉ် ရှစ် စီး၊ ကားအစီးရေ ၂၂ စီးဖြင့် မြ၀တီမြို့ ခလရ ၂၇၅ တပ်ရင်းကို စစ်ကူရန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုးစစ်ဆင်တက်လာသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့မှ လမ်းတစ်လျှောက်တွင် အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီဘက်မှ သံချပ်ကာယာဉ်နှင့် ဖောကားများအပါအ၀င် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထိခိုက် သေဆုံးခဲ့ ရခြင်း ကြောင့် စစ်ကြောင်းရှေ့မဆက်နိုင်ဘဲ ဒေါနတောင်တန်းအနောက်ဘက် တောင်ခြေတွင် သာ ရပ်တန့်နေခဲ့ကြောင်း ဧပြီ ၁၈ ရက်တွင် KNU က ထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီတပ်စခန်း ခလရ−၂၇၅ ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို ဧပြီ ၁၁ ရက်နေ့က တွေ့ရစဉ်

ပုံစာ-ဧပြီ ၂၃ ရက်နေ့က ခလရ-၂၇၅ အတွင်း အလံတင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အား တွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *