ရခိုင်တိုက်ပွဲအတွက် တာဝန်ပေးခံရတဲ့ ခလရ ၃၆ တပ်ရင်းမှာ တပ်ပျက်နေ

ရခိုင်တိုက်ပွဲအတွက် တာဝန်ပေးခံရတဲ့ ခလရ ၃၆ တပ်ရင်းမှာ တပ်ပျက်နေ

နောက်တန်းမှာ ကျန်ခဲ့ရတဲ့ နောက်တန်းမှူး ဗိုလ်မှူးကိုယ်တိုင် ထွက်ပြေး

ဧရာဝတီတိုင်း ကျုံပျော်မြို့ အခြေစိုက် စစ်ကောင်စီ အမှတ် ၃၆ ခြေလျင်တပ်ရင်းက နောက်တန်းမှူး ဗိုလ်မှူး စိုးထက်အောင်ဟာ ဧပြီလ ၂၅ရက် မနေ့ည ၇နာရီကျော်မှာ တပ်ကနေ ထွက်ပြေးသွားလို့ စစ်ကောင်စီတပ်တွေ မြို့တွင်းမြို့ပြင် ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခလရ ၃၆ တပ်ရင်းဟာ ရခိုင်ပြည်နယ်ကို စစ်ဆင်ရေး တာဝန်ပေးခံထားရတာဖြစ်ပြီး နောက်တန်းအင်အားအဖြစ် ကျန်နေခဲ့ရသူတွေထဲက နောက်တန်းမှူး ဗိုလ်မှူးကိုယ်တိုင် ထွက်ပြေးသွားတာကြောင့် မြို့အဝင်အထွက်တွေအပြင် အနီးနားက ကျေးရွာတွေအထိပါ စစ်တပ်က အပူတပြင်း လိုက်ရှာနေတာပါ။

“ညအစောပိုင်းက တပ်က ထွက်ပြေးသွားတာ.. မိသားစုတွေ ပါမပါတော့ မသိဘူး။ လက်ရှိ ၃၆ တပ်ရင်းရဲ့ အကြီးဆုံးပေါ့။ သူ့အထက်အရာရှိနဲ့ တခြားအရာခံစစ်သားတွေကတော့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲမှာ စစ်ဆင်ရေးတာဝန်အဖြစ် အပို့ခံထားရတယ်” လို့ ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူက ပြောပါတယ်။

အဲ့ဒီ အမှတ် ၃၆ ခြေလျင်တပ်ရင်းဟာ ရခိုင်ပြည်နယ် ရမ်းဗြဲဒေသမှာ စစ်ရေးတာဝန် ထမ်းဆောင်နေချိန် ဖေဖော်ဝါရီ ဒုတိယအပတ်မှာ စစ်အင်အား ၃ဝ ကျော်အထိ တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေအတွက် ကျုံပျော်မြို့က တပ်ထဲမှာပဲ ရုပ်အလောင်းမပါဘဲ ရက်လည်ဆွမ်းသွပ်ကို တန်းစီလုပ်ခဲ့ကြသေးတယ်လို့ တပ်တွင်းမိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တဲ့ ခလရ ၃၆ တပ်ရင်းက အရာရှိစစ်သည်တွေအတွက် သေဆုံးနစ်နာကြေး ပင်စင်တွေကိုလည်း ဒီနေ့အချိန်အထိ ထုတ်မပေးသေးဘူးလို့ တပ်တွင်းမိသားစုတွေဆီက သိရပါတယ်။

ပုံစံ – ခလရ ၃၆ တပ်ရင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲကျလို့ ရခိုင့်တပ်တော်က ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *