ပြင်ဦးလွင်ကိုတိုက်တဲ့ မန္တလေး PDF နဲ့အတူ ကာကွယ်ရေးဝန်ကြီးရှိနေ

ပြင်ဦးလွင်မြို့အနီး၊ ရှေ့တန်းစစ်မျက်နှာပြင်က မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့အတူ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှိနေခဲ့တဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ပြင်ဦးလွင်မြို့ထဲက စစ်တက္ကသိုလ်ကို ဧပြီ ၁၄ ရက်မှာ ရှော့တိုက်ဒုန်းအလုံး ၂၀ ပစ်ခတ်ခဲ့သလို ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်အကွာက ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ သရက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဧပြီ ၁၅ ရက်ကစပြီးတိုက်ခိုက်တာကြောင့် ဧပြီ ၂၅ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအတွင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့အတူ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

သရက်ကုန်းကျေးရွာက စစ်ကောင်စီစခန်းကို ဧပြီ ၁၅ ရက်မှာ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပြီး လက်နက် (၆၁) လက်အပါအဝင် ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ဧပြီ ၁၉ ရက်ကစပြီး မြေပြင်ရော လေကြောင်းကပါ တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ယောက် သေဆုံးပြီး အယောက် ၄၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သလို (MDY-PDF) ဘက်က ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *