ရွာလုံးကျွတ်နီးပါး တအိမ်တယောက် ဆင့်ခေါ်ခံရ

ဝါးခယ်မမြို့နယ် ကျေးရွာတရွာမှာ စစ်မှုထမ်းဖို့ ရွာလုံးကျွတ်နီးပါး တအိမ်တယောက် ဆင့်ခေါ်ခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် သီလှချောင်းကျေးရွာမှာ အိမ်ခြေ ၄ဝဝ ကျော်သာရှိပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက ပြဌာန်းသတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်ကနေ ၃၅နှစ်အတွင်း အကျုံးဝင်သူတွေ ရှိနေတာကြောင့် ရွာလုံးကျွတ်နီးပါး တအိမ်တယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံထားရပါတယ်။

စစ်တပ်က ဆင့်ခေါ်ထားလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့က ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

“သင်္ကြန်မတိုင်မီ စစ်မှုထမ်းဥပဒေကြောင့် ရွာမှာ မဲဖောက်ပြီး မဲပေါက်တဲ့သူသာ စစ်မှုထမ်းရမယ်လို့ ပြောတယ်။ လူငယ် ၃ယောက်ကို ဝါးခယ်မမြို့နယ်က စစ်ကောင်စီတပ်ကို ပို့ပေးလိုက်တယ်။ ဧပြီ ၂၄ရက်နေ့က စစ်ကောင်စီက ဆင့်ခေါ်လို့ဆိုပြီး တအိမ်တယောက်နှုန်းနဲ့ လူအယောက် ၄ဝဝ ကို သီလှချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့က မြို့ပေါ်က စစ်ကောင်စီတပ်ကို ပို့ပေးရမယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

သီလှချောင်းကျေးရွာမှာသာ ရွာလုံးကျွတ်နီးပါး ဆင့်ခေါ်ခံရတာဖြစ်ပြီး တခြားအနီးနားက ကျေးရွာတွေမှာတော့ မဲစနစ်နဲ့ပဲ လူခေါ်တာပြုလုပ်သလို တရွာကို ၁ဝ ယောက်လောက်သာ စစ်မှုထမ်းစာရင်းထဲ ပါတယ်လို့ အဲ့ဒီအမျိုးသမီးက မောင်းသတင်းဌာနကို ပြောပြခဲ့ပါတယ်။

ပုံစာ – စစ်မှုထမ်းသင်တန်း တက်ရောက်နေသူများ (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *