ရွှေဗျိုင်းဖြူပိုင်ရှင်ရဲ့ သမီးဖြစ်သူကို နေထိုင်ခွင့် ရုပ်သိမ်းဖို့ ပြင်သစ်ထံ တောင်းဆို

စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့နဲ့ နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းဖို့ ပြင်သစ်အစိုးရကို Justice For Myanmar နဲ့ Info Birmanie တို့က ဧပြီ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

Justice For Myanmar ရဲ့ ဥပဒေအကျိုးဆောင်တွေဖြစ်တဲ့ ရှေ့နေတွေက ပြင်သစ်မှာရှိတဲ့ မသိမ့်ဝင်းထက်ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို သိမ်းဆည်းဖို့နဲ့ နိုင်ငံအတွင်းကနေ နှင်ထုတ်ဖို့ ဧပြီ ၃ ရက်နေ့က ပြင်သစ်အာဏာပိုင်တွေဆီ တင်ပြတောင်းဆိုထားပါတယ်။

မသိမ့်ဝင်းထက်ကိုယ်တိုင်က One Telecom ကုမ္ပဏီမှာ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို ရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited မှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Info Birmanie ရဲ့ ညှိနှိုင်းရေးမှူး ဂျိုဟန်နာ ချာဒွန်နီးရာစ်က “သိမ့်ဝင်းထက်က ပြင်သစ်နိုင်ငံကနေပြီး ရွှေဗျိုင်းဖြူအုပ်စုမှာရှိတဲ့ သူမရဲ့ ပိုင်ဆိုင်မှုကို ဆက်လက်စီမံ ဆောင်ရွက်နေတာဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စုအတွက် အခွန်ငွေရှာဖွေပေးနေတာဖြစ်သလို၊ သူမရဲ့ နိုင်ငံသားတွေအပေါ် သွေးထွက်သံယိုဖိနှိပ်မှုတွေမှာ ဝင်ရောက်ပံ့ပိုး ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုတွေအပေါ် အကြိမ်ကြိမ်ရှုတ်ချမှုတွေ၊ မြန်မာပြည်သူတွေကို အားပေးထောက်ခံကြောင်း အကြိမ်ကြိမ် ပြောဆိုမှုတွေနဲ့ လက်တွေ့ကိုက်ညီမယ့်လုပ်ရပ်အဖြစ် လျော်ကန်သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ချမှတ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ကြေညာချက်မှာ ထည့်ပြောထားပါတယ်။

မသိမ့်ဝင်းထက် တက်ရောက်နေတဲ့ HEC Paris ကျောင်းမှာလည်း သူ့ရဲ့ ကျောင်းဝင်ခွင့် ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ သူ့ရဲ့ ငွေကြေးအရင်းအမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေဆီ အသိပေးဖို့ လည်း တိုက်တွန်းထားပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဟာ မြန်မာစစ်တပ်နဲ့ သိသာထင်ရှားတဲ့ ဆက်နွှယ်မှုတွေရှိနေတဲ့ ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး၊ အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နဲ့ မိတ်ဖက်လုပ်ကာ ရေနံတင်သွင်းတာအပါအဝင် အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုထိန်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ လွှမ်းမိုးထားတဲ့ သတ္တုကဏ္ဍနဲ့ သစ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ထားတယ်လို့လည်း ဆိုပါတယ်။

ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်လတ်မင်းနဲ့ သားသမီးတွေ ဖြစ်ကြတဲ့ မသိမ့်ဝင်းထက်နဲ့ ကိုဝင်းပိုင်ကျော်တို့လေးဦးကို ၂၀၂၄ ခုနစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှာ မြန်မာကုမ္ပဏီပေါင်း ၂၀ ကျော်ပိုင်ဆိုင်ပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ အမိုနီယံနိုက်ထရိတ်တင်သွင်းရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ငန်း၊ ရေလုပ်ငန်းတို့ အပါအဝင် လုပ်ငန်းတွေ များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ပြင်သစ်နိုင်ငံအတွင်းမှာ သိမ့်ဝင်းထက် ရှိနေမှုက ရွှေဗျိုင်းဖြူအုပ်စုရဲ့ စီးပွားရေးမိတ်ဖက်တွေအပေါ် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ သိမ့်ဝင်းထက်နဲ့ သူ့မိသားစုတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ သိမ့်ဝင်းထက်အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သင့်ပါတယ်။ ပြင်သစ်မှာရှိတဲ့ သူမ သို့မဟုတ် သူမမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းသင့်ပြီး၊ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ကိုလည်း ပိတ်ပင်သင့်ပါတယ်” လို့ ပြောထားပါတယ်။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ မသိမ့်ဝင်းထက် အပါအဝင် ကုမ္ပဏီပိုင်ရှင်တွေ၊ ဒါရိုက်တာတွေအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အရေးတကြီးချမှတ်ဖို့၊ စစ်အုပ်စုရဲ့ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းနဲ့ လေယာဉ်ဆီရရှိတဲ့ လမ်းကြောင်းတွေကို ပိတ်ပင်ဖြတ်တောက်ဖို့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး တိုးမြှင့်ချမှတ်ဖို့လည်း JFM က တောင်းဆိုထားပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်မိသားစုအား တွေ့ရစဉ်။ (Photo: The Tanintharyi Times)


Comments

Leave a Reply

Your email address will not be published. Required fields are marked *