မန်း PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၀ ဦးခန့်သေဆုံး

ပြင်ဦးလွင်စစ်တက္ကသိုလ်တိုက်ခိုက်မှုအပါအဝင် ၁၂ ရက်တာ မန်း PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၀ ဦးခန့်သေဆုံး

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(Mdy PDF)၏ သင်္ကြန်ကာလ ဧပြီ ၁၄ ရက်မှ ဧပြီ ၂၅ ရက်အထိ ၁၂ ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆၀ ဦးခန့် သေဆုံးကြောင်း ယနေ့ ဧပြီ ၂၇ ရက်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ယနေ့ထုတ်ပြန်သည်။

သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်တွင် ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ ရှော့တိုက်ဒုန်း အလုံး(၂၀)ဖြင့် မန်း PDF က တိုက်ခိုက်နိုင်ခဲ့သည်။
ထို့နောက် ဧပြီ ၁၅ ရက် နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့နှင့် ဆယ်မိုင်ခန့်အကွာတွင်တည်ရှိသည့် ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ ညနေပိုင်းအချိန်တွင် သရက်ကုန်းကျေးရွာစစ်ကောင်စီတပ်စခန်းကို Mdy PDF က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီက ယင်းတပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေး ဧပြီ ၁၉ ရက်မှစတင်ကာ မြေပြင်နှင့် ဝေဟင်တို့မှ အင်အားသုံးထိုးစစ်ဆင်တိုက်ခဲ့သော်လည်း စခန်းမရသည့်အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်ကြီး/ငယ်မျိုးစုံနှင့် ခဲယမ်းများကို တော်လှန်ရေးအင်အားစုများဘက်မှ သိမ်းပိုက်ရရှိခဲ့သည်။

ဧပြီ ၂၀ ရက်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး ဧပြီ ၂၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထိုနေ့တွင် စစ်ကောင်စီဘက်မှ စစ်ရေးပစ်မှတ်မဟုတ်သော ဘုန်းကြီးကျောင်းများကို လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့သည်။

ထို့နောက် ဧပြီ ၂၂ ရက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးတည်ရှိရာနေရာသို့ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးခန့်သေဆုံးခဲ့ကာ ဧပြီ ၂၄ ရက်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဧပြီ ၂၅ ရက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦးခန့်သေဆုံးပြီး ၁၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း MoD ထုတ်ပြန်ချက်အတွင်း ဖော်ပြထားချက်များအရ သိရသည်။

အဆိုပါ ၁၂ ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း MoD ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *