စစ်မှုထမ်းဟောင်းများ ပင်စင်ပယ်ဖျက်ခံရ၊ အသက် ၇၂ နှစ်အထိ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ ထုတ်ပြန်
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ စစ်မှုထမ်းရမည် ဖြစ်ပြီး ယင်းသို့ စစ်မှုထမ်းနေသည့် ကာလအတွင်း ပင်စင် ပယ်ဖျက်မည်ဟု စစ်ကောင်စီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။
ဧပြီလ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် ‘အရန်တပ်ဖွဲ့ဝင်များ အတွက် စစ်မှုထမ်းစည်းမျဉ်း ထုတ်ပြန်ခြင်း’ ခေါင်းစဉ်ဖြင့် ထုတ်ပြန်စာတွင် အသက် ၆၇ နှစ် အထိ စစ်မှုထမ်းများ အနေဖြင့် သာမန်အားဖြင့် အနည်းဆုံး ၃ နှစ်၊ ထပ်တိုး တစ်နှစ် ၂ ကြိမ်၊ စုစုပေါင်း ၅ နှစ် စစ်မှုထမ်းရမည်ဖြစ်ပြီး ယင်းကာလအတွင်း ပင်စင် ခံစားခွင့် ပယ်ဖျက်ကာ လစာ ရိက္ခာသာ ခံစားခွင့်ပြုမည်ဟု ဖော်ပြထားသည်။
“အနည်းဆုံး ၃ နှစ်ထပ်ပြီး စစ်မှုထမ်းရမည်၊ တစ်နှစ် ၂ ခါ တိုးမယ်ဆိုတော့ ၅ နှစ်။ စစ်မှုပြန်မထမ်းရင်လည်း ပင်စင် ရာသက်ပန် ပယ်ဖျက်မယ်လို့ ဖုန်းဆက် အကြောင်းကြားတယ်။ ပို့တဲ့ စာထဲမှာတော့ သာမန်အားဖြင့် ၅ နှစ်ထက် မပိုဘူးလို့ ဆိုပေမယ့် အခုလို သာမန် မဟုတ်တဲ့ အချိန်မှာ မသေမချင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သဘော ဖြစ်နေတယ်” ဟု အငြိမ်းစား စစ်အရာရှိ တစ်ဦးက သုံးသပ်သည်။
ထို့အပြင် အသက် ၅၅ နှစ်အောက် စစ်မှုထမ်း ဖြစ်ပါက လှုပ်ရှားစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး အသက် ၅၅ နှစ်မှ ၆၇ နှစ် အတွင်း ဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေး ခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေး တာဝန်များ ထမ်းဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အရှင်ထွက်ထွက်တာ လက်မခံဘူး ဆိုတဲ့ သဘော။ အသေထွက်ပဲ လက်ခံမယ် ဆိုတဲ့ သဘော။ သူ (မင်းအောင်လှိုင်) အသက် ၇၀ မှ နားမယ် ဆိုတော့ အောက်က လူတွေလည်း အနည်းဆုံး အသက် ၇၀ အထိ လုပ်ရမယ် ဆိုတဲ့ သဘောပဲ။ လုံးဝ အဆန်းတကျယ်ကြီး ဖြစ်သွားပြီ” ဟု CDM စစ်အရာရှိ ဗိုလ်ကြီးဇင်ယော် က မှတ်ချက်ပြုသည်။
စစ်မှုပြန်လည် ထမ်းဆောင်သူများ အနေဖြင့် လစာ ရိက္ခာများ ရရှိမည် ဖြစ်သော်လည်း စစ်မှုထမ်းကာလ ပြီးဆုံးမှသာ ယခင် ခံစားနေသည့် ပင်စာ ခံစားခွင့်များ ပြန်လည် ရရှိမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းကာ လူငယ်များကို စစ်ထဲ ဆွဲသွင်းနေသည့် နည်းတူ စစ်မှုထမ်းဟောင်းများအား ပြန်လည်ခေါ်ယူ အသုံးချရန် ယခုကဲ့သို့ ဥပဒေပြဌာန်း ဆင့်ခေါ်နေခြင်း ဖြစ်သည်။
Leave a Reply