ခလရ ၂၇၅ မှ တပ်မိသားစုဝင်များကို ဗိုလ်မှူးကြီး စောချစ်သူက ငွေကျပ် ၄ သိန်းစီ ပေး၍ နေရပ်ပြန်ခိုင်းခဲ့

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ မှ တပ်မိသားစုဝင်များကို ဗိုလ်မှူးကြီး စောချစ်သူက ငွေကျပ် ၄ သိန်းစီ ပေး၍ နေရပ်ပြန်ခိုင်းခဲ့ပြီး လက်ရှိတွင် ပြန်လာခိုင်းမှုကြောင့် ပြန်လာသူ အချို့ရှိနေဟုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၁ ရက်နေ့တွင် စခန်းစွန့်ခွာ၍ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၂) တံတားအောင်သို့ တိမ်းရှောင်ခဲ့ကြသည်။

KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်အတွင်း ခလရ-၂၇၅ မှ တပ်မိသားစုဝင်များသည် တောင်ပေါ်သို့ ရှောင်တိမ်းခဲ့ကြပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက တစ်ဦးလျှင် ငွေကျပ် လေးသိန်းနှင့် ဆိုင်ကယ်တစ်စီးပေးကာ နေရပ်သို့ ပြန်ခိုင်းခဲ့ကြောင်း ခလရ ၂၇၅ နှင့် နီးစပ်သူများထံကသိရသည်။

ခလရ ၂၇၅ ကို KNLA နှင့် PDF ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးချိန်တွင် ဗိုလ်မှူးကြီးစောချစ်သူက တောင်ပေါ်၌ ရှောင်တိမ်းနေထိုင်နေကြသည့် စစ်ကောင်စီ တပ်မိသားစုဝင် ၂၀၀ ကျော်ကို ရွှေကုက္ကိုလ်မြို့သစ်သို့ ခေါ်ယူတွေ့ဆုံကာ တစ်ဦးလျှင် ငွေကျပ် လေးသိန်းနှင့် ဆိုင်ကယ်တစ်စီးပေးကာ နေရပ်သို့ ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

“ခလရ ၂၇၅ ကျသွားတဲ့အချိန်မှာ စောချစ်သူကလာခေါ်လို့ ရွှေကုက္ကိုလ်ထဲ ရောက်သွားတယ်။ ဘုန်ကြီးကျောင်းတစ်ကျောင်းမှာ ထမင်းကျွေးတယ်။ ပြန်မလား ဆက်နေမလားမေးတယ်။ ပြန်တဲ့သူတွေက တစ်ယောက်ကို လေးသိန်းရတယ်။ ကျွန်တော် နဲ့ ကျွန်တော် မိန်းမရယ် မိသားစုသုံးယောက်ဆိုတော့ ၁၂ သိန်းရတယ်။ လက်နက်ကိုင်တပ်ထဲကဆိုရင် ဆိုင်ကယ်တစ်စီးပေးတယ်။ ယူတဲ့သူတွေလည်း ယူကြတယ်။ သူတို့က ပြန်လာခိုင်းရင် ပြန်လာခဲ့ဆို ပြန်လာပါ့မယ်ဆိုပြီး လက်မှတ် ထိုးခဲ့ရတယ်” ဟု ခလရ ၂၇၅ မှ တပ်မိသားစုဝင်တစ်ဦးကပြောသည်။

ထိုကဲ့သို့ ခေါ်ယူတွေ့ဆုံစဥ် ပြန်ခေါ်ပါက ချက်ချင်း ပြန်လာပါမည်ဆိုသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရပြီး လက်ရှိတွင် ခလရ ၂၇၅ အတွင်း ပြန်လာနိုင်ပြီဟု နယ်ခြားစောင့်တပ် BGF မှ အကြောင်းကြားသဖြင့် ပြန်လာရန် ပြင်ဆင် နေသူအချို့ရှိနေကြောင်း ၎င်းက ဆိုသည်။

“သင်္ကြန်မတိုင်ခင်တည်းက နေရပ်ပြန်ဖို့ ပြောလို့ ပြန်ရောက်သွားကြတယ်။ ဒီရက်ပိုင်းပဲ ပြန်လာဖို့ အကြောင်းကြားတာလို့ပြောတယ်။ BGF က သူတို့ပြန်ရပြီ ပြန်လာခဲ့ဆိုလို့ ပြန်နေကြတဲ့သူတွေလည်းရှိတယ်။ ပြန်ဖို့ပြင်နေသူတွေလည်းရှိတယ်။ လစာ နှစ် လစာ မထုတ်ရသေးဘူးလို့ ပြောတယ်”ဟု ခလရ ၂၇၅ နှင့် နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ကို အမည်ပြောင်းလဲ ဖွဲ့စည်းထားသည့် ကရင့်အမျိုးသားတပ်မတော် (KNA) က ၎င်းတို့ ထိန်းချုပ်ထာသည့် ရွှေကုက္ကိုလ်မြို့သစ်၏ အဝင်များကို ဧပြီ ၂၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း ဒေသခံများထံက သိရသည်။

KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဦးဆောင်ခေါ်လာမှုကြောင့် ယာယီဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

ဧပြီ ၂၃ ရက်နေ့၌ပင် နယ်ခြားစောင့်တပ် (BGF) ဦးဆောင်ခေါ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့က ၎င်းတို့၏ အလံကို ခလရ-၂၇၅ တွင် လာတင်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် PDF ပူးပေါင်းအဖွဲ့များက ယာယီ ဆုတ်ခွာပေးခဲ့ရသော်လည်း မြို့စောင့်တပ်ဖြစ်သည့် ခလရ-၂၇၅ တပ်မှလွဲ၍ စစ်ကောင်စီ၏ ကျန်တပ်စခန်းများကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုထားသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးကြီးစောချစ်သူသည် ၎င်း၏ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှ နေ၍ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှု စသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု လုပ်ငန်များ လုပ်ကိုင်နေပြီး တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၉၀ အထိ ရရှိနေကြောင်း ဧပြီ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၏ “ Turncoat warlord at centre of Myanmar Drama” ဆောင်းပါးတွင် ဖော်ပြထားသည်။

ပုံစာ-BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ၊ ခလရ ၂၇၅ တပ်ရင်းမှ သိမ်းရမိသည့်လက်နက်ခဲယမ်းများအား တွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *