တံတားပြင်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

တံတားပြင်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအဝင်တံတား ပြုပြင်ရန်လာသည့် စစ်ကောင်စီ တပ်နှင့် ပျူစောထီးများကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း Area 71 People Defense Force က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

တောပုရွာအဝင်တံတားပြုပြင်ရန် အနီးနားကျေးရွာမှဒေသခံများကို ခေါ်ဆောင်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကြေးမုံရွာအတွင်းဝင် ရောက်ချိန်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ရွာရဲ့ အဓိကထောက်ပို့လမ်းကို ကျနော်တို့ ဖောက်ခွဲဖျက်ဆီးထားတာ ပြင်ဖို့လာတာ၊ အခု အတိုက် ခံရတော့ မပြင်နိုင်ဘဲ ပြန်ဆုတ်ပြေးတယ်”ဟု Area 71 People Defense Force တာဝန်ရှိသူတဦးကပြောသည်။

တနာရီ ၃၀ မိနစ်ခန့်ကြာသောတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး စုစုပေါင်းသုံးဦးသေဆုံးခဲ့ကြောင်း ကျေးရွာအတွင်းမှ ပြန်လည်ရရှိသည့် သတင်းများအရ အတည်ပြုထားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါရွာအဝင်တံတားသည် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာချုပ်(နမခ)မှ စစ်လက်နက်နှင့် ရိက္ခာများထောက်ပံ့ရာတွင် ဖြတ်သန်းရသည့်လမ်းပေါ်တွင်ရှိသောကြောင့် တောပုကျေးရွာအတွက်အရေး ပါသောလမ်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအသုံးပြုသည့် ကာဘိုင်ကျည် ၈၆ တောင့် သိမ်း ဆည်းရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုကို မုံရွာမြို့နယ် ၊ တိုက်နယ်(၁) ပကဖမှဦးဆောင်၍ မုံရွာနယ်၊ တိုက်နယ်(၁) ပလဖ ၊ မုံရွာမြို့နယ် ၊ တိုက်နယ်(၄) တပ်ရင်း(၂၂) ၊ မုံရွာမြို့နယ်၊ အမှတ် (၂၄)တပ်ရင်း ၊ Area 71 People Defense Force ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Special Force 11 နှင့် အညာ Defense Force တို့ ပူးပေါင်းခဲ့ ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုပျက်စီးခဲ့သည့် တံတားကို ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ်တွင် Area 71 People Defense Force က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တောပုကျေးရွာမှ ပျူစောထီးများသည် ပါတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရာ၌လိုက်ပါလေ့ရှိပြီး ကျေးရွာများမှပစ္စည်းများကို ခိုးယူလုယက်နေသည့် ဒေသတွင်း ဒုက္ခအပေးဆုံးရွာ တရွာဖြစ်သည့်ဟု ကာကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင်ထံကသိရသည်။

တောပုရွာကို ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြည့်လျက်ရှိကာ ရရာနည်းလမ်းများဖြင့် တိုက်ခိုက်သွား မည်ဖြစ်ပြီး ယင်းရွာမှအရှင်ဖမ်းမိသည့် ပျူစောထီးများကို သက်ဆိုင်ရာ မြို့နယ် ပအဖ၊ ပကဖများထံ လွှဲ ပြောင်းပေးမှုများရှိခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *