လယ်မြေများ ၂ နှစ် မစိုက်ပါက သိမ်းယူမည်ဟု စစ်ကောင်စီဝန်ကြီးပြော

၂ နှစ်အထက် ပစ်ထားသည့်လယ်မြေကို ပြန်သိမ်းမည်၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိသူများလည်း ၆ လအတွင်း သုံးရမည်ဟု စစ်ကောင်စီက ပြောသည်။

လယ်ယာမြေကို ၂ နှစ်အထက် မစိုက်ပျိုးဘဲထားပါက သိမ်းယူမည်ဟု စစ်ကောင်စီ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနောင်က ပြောသည်။

ဧပြီ ၂၅ ရက်နေ့က ပြုလုပ်သည့် ဗဟိုလယ်ယာစီမံခန့်ခွဲမှုအဖွဲ့၏ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးလည်းဖြစ်သော ဦးမင်းနောင်က ပြောခြင်းဖြစ်သည်။

“လယ်ယာမြေကို ၂ နှစ်အထက် လှပ်ထားခြင်းကို စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သူများကို စိစစ်၍ ပြန်လည်ခွဲပေးမယ်” ဟု သူက ပြောကြောင်း ဧပြီ ၂၆ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ရရှိသူများလည်း ခွင့်ပြုသည့်နေ့ရက်မှ ၆ လအတွင်း သတ်မှတ်ချက်အတိုင်း လုပ်ငန်းများပြီးစီးအောင် မဆောင်ရွက်နိုင်ပါက ထိုအသုံးပြုခွင့်ကို ပြန်ပယ်ဖျက်သွားမည်ဟုလည်း ဆိုသည်။

လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရသည့်နေ့ရက်မှ ၆ လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးမပြုဘဲ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးစီးလျှင် ပြန်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီရုံးစိုက်ရာ ဗိုလ်ချုပ်များနေထိုင်သည့် နေပြည်တော် ပျဉ်းမနား၊ ဇဗ္ဗူသီရိမြို့နယ်များတွင် လယ်မြေ၊ ယာမြေများကို ပေ ၄၀၊ ပေ ၆၀ အကွက်များရိုက်ကာ တစ်ကွက်လျှင် သိန်း ၃၅ သိန်းမှ ၅၀ အထိ ရောင်းချလေ့ရှိကြောင်း နေပြည်တော်နေ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

နိုင်ငံဒေသတချို့တွင် စစ်မီးပူနေချိန် နေပြည်တော်သည် လုံခြုံမှုရှိသည်ဟု ယူဆကာ လယ်မြေများကို ဝယ်ယူနေကြခြင်းဖြစ်သည်။

“နေပြည်တော်မှာ ကျူးရော၊ လယ်ယာမြေ အကွက်ရိုက် ရောင်းချတာရော အများကြီးပဲ၊ ခုထိတော့ ဖယ်ရှားတာ မရှိသေးဘူး” ဟု အထက်ပါ အိမ်ခြံမြေအကျိုးဆောင်က ပြောသည်။

နေပြည်တော်တွင် စစ်ဘေးရှောင်များ ရောက်ရှိလာပြီး လယ်ယာမြေ ဝယ်ယူသူများလည်း ရှိနေသည်ဟု သူက ဆိုသည်။

“သူတို့က နေရရင်ပြီးရော၊ ဝယ်ကြတာ။ အခုလက်ရှိက လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းတဲ့အကွက်တွေက ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်နေတာပဲ” ဟု သူက ပြောသည်။

လယ်ယာမြေများတွင် အိမ်ဆောက်လျှင် ပိုင်ဆိုင်မှုမခိုင်မာသဖြင့် အချိန်မရွေး ဖျက်သိမ်းမှုများ ရှိလာနိုင်ကြောင်း ရှင်းပြသော်လည်း စစ်ဘေးရှောင်သူများက နေရာသစ်တွင် ယာယီနေထိုင်ရန်အတွက် ဝယ်ယူကြကြောင်း ရှေ့နေတစ်ဦးက ပြောသည်။

“လယ်ယာမြေက စိုက်ပျိုးမြေပဲ၊ အိမ်ဆောက်တာတွေ မရဘူး။ အဲတော့ ယာမြေတွေကို ဝယ်ပြီး အိမ်ဆောက်မယ်ဆိုရင် အချိန်မရွေးဖျက်သိမ်းခံသွားရနိုင်တယ်၊ ဒါမျိုးပြောလည်း သူတို့ နေထိုင်ဖို့အတွက် ဝယ်ကြတာပဲ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျူးကျော်နေထိုင်သူဆိုသည့် အကြောင်းပြချက်ဖြင့် အိမ်ခြေ ထောင်နှင့်ချီရှိသည့် ရပ်ကွက်များနှင့် အိမ်ရာများကို ပြီးခဲ့သည့်နှစ်တွင် ဖယ်ရှားပစ်ခဲ့သည်။

ရန်ကုန်၊ မန္တလေးမြို့တို့တွင် လျှပ်စစ်တာဝါတိုင်နယ်နိမိတ်၊ စည်ပင်နယ်နိမိတ်၊ လမ်းတံတားနှင့် မီရထားဌာနပိုင်မြေ၊ လယ်ယာမြေပေါ် အိမ်ဆောက်နေထိုင်ခြင်း၊ တပ်ပိုင်မြေ ကျူးကျော်ခြင်း အစရှိသည့် အကြောင်းပြချက်မျိုးစုံဖြင့် နေအိမ်များကို ဖယ်ရှားပစ်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *