ကန့်ဘလူတွင် စစ်တပ်က ခံစစ် အခိုင်အမာ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လာကာ နယ်မြေအသာစီးရယူနိုင်ရန် နေရာအချို့အား ခံစစ်စခန်းများ အခိုင်အမာ ဆောက်လုပ်ပြီး အထိုင်ချ တပ်စွဲခြင်းများ ပြုလုပ်လာကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အဓိကတော့ ကန့်ဘလူမြို့နယ်အနီးမှာရှိတဲ့ ကျွန်းလှနဲ့ တန့်ဆည်ဘက်ကို ပြီးခဲ့အပတ်ထဲကစပြီး စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်လာတာကို တွေ့ရတယ်”ဟု ပြောသည်။

ဧပြီ ၂၀ ရက်တွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲ ၁၂ ပေါက်အနီးရှိ ဘုရားကုန်းအနီး ခံစစ် အခိုင်အမာ ပြုလုပ်၍ အထိုင်ချတပ်စွဲထားကြောင်း သိရသည်။

အထိုင်စခန်းချ တပ်စွဲထားသောနေရာသည် သဖန်းဆိပ်ဆည်အောက်ဘက်ရှိ ဒေသအခေါ် ဆင်စွယ်ရဲစခန်း (သဖန်းဆိပ်ဆည်ရဲကင်းစခန်း)နှင့် ၁ မိုင်ခန့်အကွာတွင် ရှိကာ ကန့်ဘလူနှင့်ကျွန်းလှမြို့များအပါအဝင် ပျူစောထီး အားကောင်းသော ကျေးရွာများသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် ထိုးဖောက်မည့်အန္တရာယ်ကို တားဆီးနိုင်ရန်ဖြစ်ကြောင်း၊ ဧပြီ၂၀ ရက်မှစ၍ သဖန်းဆိပ်ဆည်အနောက်ခြမ်းအား လျှပ်စစ်မီးများ ဖြတ်တောက်ထားကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အစပ် မူးမြစ်အနောက်ကမ်းဘေးရှိ တန့်ဆည်မြို့နယ်မှ ကျေးရွာများဘက်သို့ ဧပြီ ၂၂ ရက်မှစတင်ကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ပြီး တန့်ဆည်မြို့နယ် ဗျက်ကြီးကျေးရွာနှင့်သာကေတရွာဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ဧပြီလ ၂၈ ရက်နေ့အထိ ဗျက်ကြီးရွာတွင် အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၅ ရက်တွင် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ကာဘိုးစံပြရွာနှင့် ၁ မိုင်ခွဲခန့်အကွာရှိ အက်တော၊ သဲကုန်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ သဲကုန်းရွာအနီး၌ အထိုင်ချတပ်စွဲရန် ခံစစ်စခန်းပြင်ဆင်နေကြောင်းလည်း သိရသည်။

ပုံစာ- ဧပြီလ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ကျင်းပသော ပြည်သူ့စစ်အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ/CJ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top