စဥ့်ကူးမြို့နယ်ရှိ စစ်တပ်အထိုင်စခန်းအား မန္တ​လေးPDF အပြီးသတ် သိမ်းပိုက်

စဥ့်ကူးမြို့နယ်ရှိ စစ်တပ်အထိုင်စခန်းအား မန္တ​လေးPDF အပြီးသတ် သိမ်းပိုက်

ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးကာ တပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံ ၊လက်နက်ခဲယမ်းများရရှိ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား လက်နက်ခဲယမ်းများနှင့်တကွ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးကာ တပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၈ ရက် နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးခဲ့သည်။ထို့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လတ် ၊ ၆၀ မမ စိန်ပြောင်း ၁ လတ် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ဧပြီ၃၀ရက်တွင် အသိပေးသည်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှုမရှိသည့်အပြင် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုအားလည်း သိမ်းပိုက်ရရှိထားကြောင်း လည်း ထပ်မံအသိပေးသည်။

ထိုစစ်ကောင်စီတပ်သည် တရုတ်သူဌေးတစ်ဦး၏ ဝါးပိုးချပ်ရွာရှိ ရွှေလုပ်ကွက်ဝင်းအတွင်း၌ အခြေချတပ်စွဲထားစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“၂၇ ရက်နေ့ ညနေက ရောက်တဲ့ စစ်ကြောင်းမနက်အတိုက်ခံရတာပဲ။ ဆန်းကောဆိုက်က ရောင်းပီးတာကြာပြီ။ ဝက်လက်နယ်သူနဲ့ရတဲ့ဆန်းကောတရုတ်သူဌေးဆိုဒ်။”ဟု ဒေသတွင်းကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်တွင်လည်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်နေကြောင်း သိရသည်။

(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-MDY PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *