ကွယ်လွန်ချိန်အထိ အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ခဲ့သည့် ABSDF ရဲဘော်ကြီး

ရှစ်​လေးလုံးလူထု အရေး​တော်ပုံမှစ၍ ​နွေဦး​တော်လှန်​ရေးအထိ စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ABSDF(ကျောင်းသားတပ်မတော်)မှ အသက် ၆၆ နှစ်
အရွယ် ရဲဘော်စိုးမြင့်သည် ဦးနှောက်‌အမြှေးပါးရောင်သည့် လက္ခဏာဖြင့် ကွယ်လွန်သွားခဲ့သည်။

မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF (မြောက်ပိုင်းဗဟိုဌာနချုပ်)တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်စိုးမြင့်သည် ဧပြီလ ၂၉ရက်ညတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

“ထိုင်ရာကနေ ရုတ်တရက်လဲကျသွားတာ။ ဆေးရုံကို အချိန်မီပို့ခဲ့ပေမယ့် ဦးနှောက်‌ အမြှေးရောင်တာဆိုတော့။ ဆုံးပါးသွားတာဖြစ်တယ်” ဟု ABSDF( မြောက်ပိုင်းဗဟိုဌာနချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲဘော်စိုးမြင့်သည် ၁၉၈၈ မှ သည် ယနေ့ နွေဦးတော်လှန်ရေးကာလအထိ တော်လှန်ရေးတိုက်ပွဲကာလတလျှောက်လုံး ပါဝင်ခဲ့သူဖြစ်ပြီးရှေ့တန်းတိုက်ပွဲတိုင်းတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း ABSDF က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲကာလများအတွင်း ဒဏ်ရာများစွာရရှိခဲ့သော်လည်း ဆေးကုသမှုခံယူပြီး သက်သာလာသည့်အခါ တာဝန်ပြန်လည်ထမ်းဆောင်ရင်း တော်လှန်ရေးကာလတလျှောက် ဖြတ်သန်းခဲ့ရာ တိုက်ရည်ခိုက်ရည်နှင့် နိုင်ငံရေးခံယူချက်ပိုင်း၌ အလွန်လေးစားရသူဖြစ်ကြောင်း ABSDF ရဲဘော်တစ်ဦးကပြောသည်။

၂၀၂၁ နွေဦးတော်လှန်ရေးတွင် ABSDF(မြောက်ပိုင်းဗဟိုဌာနချုပ်)၏ တပ်ထောက်ဌာနတာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ကြောင်း ABSDF က ထုတ်ပြန်သည်။

ရဲဘော်စိုးမြင့်၏စျာပနအား စစ်ရေးပြအခမ်းအနားဖြင့် ယခုရက်ပိုင်း၌ပြုလုပ်သွားမည်ဟုသိရသည်။

ABSDF သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်အာဏာရှင်အားတော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

စစ်အာဏာရှင်ပြုတ်ကျသွားသည့်အထိ ပြည်သူတစ်ရပ်လုံးနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်ပြီး ဆက်လက် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ABSDF က ထုတ်ပြန်အသိပေးထားသည်။

(အသက် ၆၆ နှစ်အရွယ် ABSDF ရဲ​ဘော် စိုးမြင့်။ဓါတ်ပုံ- ABSDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *