ရန်ကုန်-မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်အနီး တိုက်ပွဲဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ် အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့(မေလ ၁ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်မှစ၍တနာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်- မော်လမြိုင်လမ်း တနာရီကျော် ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ကျိုက်ထိုမြို့ခံများကပြောသည်။

“မုပ္ပလင်လမ်းဆုံနားမှာဖြစ်တာပါ၊ အကြာကြီးပဲဗျ တနာရီလောက် ကြာမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အရမ်းတော့ မဝေးဘူး။ ပစ်ခတ်သံကတော့ အစုံပဲကြားရတယ်ဗျ သေနတ်သံရော အလုံးကြီးသံတွေရော။ (ကားတွေက) မနက် ၉ နာရီလောက်ကျ အကုန်ပြန်သွားလို့ရနေပြီ” ဟု မုပ္ပလင်ရွာခံတစ်ဦးကပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုများရှိသည်ဟု ကနဦးသတင်းရထားကြောင်း သထုံ ခရိုင် PDF တာဝန်ခံက ပြောသည်။

“မုပ္ပလင်မှာ(စစ်ကောင်စီတပ်က)ထိခိုက်မှုများတယ်လို့တော့သိရတယ်။ ကားနှစ်စီးနဲ့ ညောင်ခါးရှည်ဘက် လူနာတွေသယ်သွားတယ်လို့ အကြမ်းဖျင်းသိရသေးတယ်”ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း ကမဇ္ဈိမကိုပြောသည်။

မုပ္ပလင်လမ်းဆုံဂိတ်သည် လဝက၊ ရဲ၊ စစ်ကောင်စီတပ်တို့ပေါင်း၍ မွန်ပြည်နယ်ဘက်မှ ပဲခူးတိုင်းဘက်သို့ အထွက်သာမက ပဲခူးတိုင်းဘက်မှ မွန်ပြည်နယ်ဘက်သို့အဝင် ခရီးသွားများနှင့် ယာဉ်ပေါ်ပါလာသည့် ပစ္စည်းများကို စစ်ဆေးနေသည့် ဂိတ်ဖြစ်သည်။

အဆိုပါဂိတ်သည် တော်လှန်ရေးအင်အားစုများ၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်ခံရ လေ့ရှိပြီး ထိခိုက်သေဆုံးမှုများလည်း မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်း တော်လှန်ရေးအင်အားစုများထံ က သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top