သွင်းကုန်နိုင်ငံအဖြစ်မှ ပို့ကုန်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင်ပြောပြန်

ခြောက်နှစ်ကြာမတိုးသေးသည့် အနည်းဆုံးလစာတိုးပေးရေး ထည့်မပြော

စစ်ကောင်စီကြောင့် လုပ်သားထု ပြည်ပနိုင်ငံများသို့ ထွက်ခွာနေ၍ လုပ်သားရှားပါးနေချိန် ပြည်ပမှ ကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်နေသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြန်သည်။

ယနေ့ မေလ ၁ ရက်နေ့တွင်ကျရောက်သည့် ၁၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က အကောင်အထည်ဖော်ပြနိုင်ခြင်းမရှိသည့် ‘သဘာဝ’ ကို အခွင့်အလမ်းဟုဆိုပြီး ထိုအခွင့်အလမ်းကို အကျိုးရှိရှိအသုံးချသင့်သည်ဟု ဆိုသည်။

ထိုသဘာဝဖြင့် ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအပြင် ပြည်ပမှ ကုန်ပစ္စည်းများ ဝယ်ယူ တင်သွင်းသည့်နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

စိတ်ထဲရှိရာပြောတတ်သည့် အာဏာသိမ်းစစ်ခေါင်းဆောင်က အလုပ်သမားများကို ‘အဓိကကုန်ထုတ်စွမ်းအားစု’ ဟု ညွှန်းဆိုသည်။

အလုပ်သမားထု၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် ကျန်းမာရေးအတွက် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း(၆၀)၊ တိုင်းရင်းဆေးခန်း(၁)ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း(၆၄)ခန်း၊ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit) (၂)စီးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးတို့ကို ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်ပိုင်စက်ရုံများအပြင် တရုတ်ပိုင်နှင့် တရုတ်ဖက်စပ်လုပ်ကိုင်သည့် စက်ရုံအများအပြားတွင် အလုပ်သမားများ၏ လူမှုဘဝအမျိုးမျိုးဖိနှိပ်ခံနေရချိန် အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို ဥပဒေနှင့်အညီဖြေရှင်းရန်လိုအပ်သည်ဟု ဥပဒေမဲ့ အာဏာသိမ်းခဲ့သူက ပြောသည်။

၎င်းဘာသာ ဝန်ကြီးချုပ်ရာထူးရယူထားသူ၏ သဝဏ်လွှာအတွင်း အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)တိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားပေါများရေးနှင့် အထည်ချုပ်လုပ်ငန်းများ အောင်မြင်စေရေးတို့ကို ဇောင်းပေးပြောကြားထားသည်။

ထိုအထဲ အလုပ်သမားများ၏ အဓိကနှင့် အခြေခံကျဆုံးဖြစ်သည့် လုပ်ခလစာတိုးမြှင့်ပေးရေးနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

အနည်းဆုံးအခကြေးငွေဥပဒေအရ အနည်းဆုံးလုပ်ခလစာကို ၂ နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမည်ဟု ပြဌာန်းထားသော်လည်း လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ခြောက်နှစ်ကတည်းက မပြင်ဆင်နိုင်သေးဘဲ တစ်ရက်လုပ်ခလစာ ၄၈၀၀ ကျပ်ဖြင့်သာ လုပ်ကိုင်နေကြရသည်။

အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးရေး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က ၂၀၂၀ ခုနှစ်တွင် တစ်ရက်လုပ်ခ ၈၀၀၀ ပေးရန် တောင်းဆိုခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ကျပ်တစ်သောင်းပေးရန် တောင်းဆိုခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိပေ။

သို့သော် လက်ရှိအလုပ်သမားအများစုတွင် တစ်ရက်လုပ်ခ ၄၈၀၀ ပင် အပြည့်အဝမရသူများလည်း ရှိနေကြသည်ဟု စက်ရုံအလုပ်သမားအသိုင်းအဝိုင်းထံမှ သိရသည်။

“သမီးတို့မှာ လစာတိုးရေးထက် အလုပ်တည်မြဲရေးကိုပဲ ဦးစားပေးနေရတယ်” ဟု ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် နှစ်စဉ် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ကုမ္ပဏီလုပ်ငန်းများ၊ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ ဆက်လက်ရပ်တည်ရန်အခက်အခဲများ ရင်ဆိုင်ခဲ့ရခြင်းကြောင့် ပိတ်သိမ်းခဲ့ကြရသကဲ့သို့ ပိတ်သိမ်းရန်ပြင်နေသည့် စက်ရုံ၊ အလုပ်ရုံများစွာလည်း ရှိနေသည်ဟု အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ထိုအထဲ နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် တယ်လီနောကုမ္ပဏီက လက်ဘနွန်အခြေစိုက် M1 Group ထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်နေ့က ရောင်းချခဲ့သည်။

အလားတူ အူရီဒူးကုမ္ပဏီသည်လည်း တယ်လီနောက်ရောင်းချပြီး နောက်တစ်နှစ် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် မြန်မာအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်း Nine Communications ကုမ္ပဏီထံ စုစုပေါင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းသတ်မှတ်ပြီး အမေရိကန် ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *