လွိုင်ကော် – ဒီးမော့ဆို အမှတ် ၂ ဂိတ်နှင့် ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်

ကရင်နီပြည် လွိုင်ကော် – ဒီးမော့ဆို ကုန်စည် စီးဆင်းနေသည့် အမှတ် ၂ ဂိတ်၊ ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ယနေ့ တရားဝင် ကြေညာသည်။

မေလ ၁ ရက်နေ့မှ စ၍ အဆိုပါ ဂိတ်များနှင့် လမ်းများကို ရက်အကန့်အသတ်မရှိ လုံခြုံရေးအရ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် လွိုင်ကော်မြို့ခံ ကျေးရွာ/အုပ်စုများမှ ပြည်သူများအနေဖြင့် သက်ဆိုင်ရာက ကြေ ညာချက်အသစ် ထုတ်ပြန်သည့်အချိန်အထိ တားမြစ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ပေးရန် ကရင်နီပြည်၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ကြေညာသည်။

“လုံခြုံရေးအရ လမ်းပိတ်တယ်ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာမယ့် အခြေအနေကတော့ရှိနေတယ်။ စစ်သင်တန်းတွေကလည်း ဆင်းထားပြီးသားဆိုတော့ ဒီတစ်ခေါက်ကတော့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်လာမယ်လို့ ထင်တယ်။ ပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ကြပါ” ဟု ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top