ဝယ်သူမရှိ၍ တရုတ်လျှပ်စစ်ကားအများအပြား ဥရောပဆိပ်ကမ်းများတွင် သောင်တင်

တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းသည် အနောက်နိုင်ငံထုတ်ကားများကို တုပထုတ်လုပ်ခဲ့ရာမှ ကမ္ဘာ့အကောင်းဆုံးကားများနှင့်ယှဉ်နိုင်သည့် ကားများကို ထုတ်လုပ်နိုင်သည်အထိ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည်။ ကမ္ဘာ့ကုန်ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သော တရုတ်သည် ကားများကိုလည်း အမြောက်အမြား ထုတ်လုပ်လျက်ရှိသည်။

သို့သော် တရုတ်နိုင်ငံထုတ်ကားများသည် ဥရောပ၌ ဖောက်သည်ရှာရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ တရုတ်လျှပ်စစ်ကား အများစုအပါဝင် တင်သွင်းလာသည့် ကားများသည် ဥရောပဆိပ်ကမ်းများတွင် စုပုံနေသည်။ ကားထုတ်လုပ်ရေးကုမ္ပဏီများသည် ကားရောင်းချရာတွင် ရုန်းကန်နေရသောကြောင့် အချို့ကားများသည် ဆိပ်ကမ်းသို့ ရောက်ရှိနေသည်မှာ ၁၈ လ ရှိပြီဖြစ်သည်။

အများအားဖြင့် တရုတ်လျှပ်စစ်ကားများအပေါ် အကောင်းမြင်ကြသည်။ တရုတ်လျှပ်စစ်ကားများသည် နာမည်ကြီး ဥရောပ အမှတ်တံဆိပ်ကားများနှင့်ယှဉ်နိုင်ပြီး မောင်းနှင်နိုင်သည့်အကွာအဝေး၊ အရည်အသွေးနှင့် နည်းပညာပိုင်းတွင် ၎င်းတို့ထက်ပင် သာလွန်နေတတ်သည်။

သို့သော် ကောင်းစွာအခြေခိုင်ပြီးဖြစ်သော ဈေးကွက်အတွင်းသို့ စိန်ခေါ်သူအနေဖြင့် ဝင်ရောက်ရခြင်းမှာ ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်တခုဖြစ်သည်။ တရုတ်ကားကုမ္ပဏီများအနေဖြင့် ဝယ်ယူသူများ၏ သတိထားစောင့်ကြည့်မှု၊ အမှတ်တံဆိပ် လူသိမများမှု၊ ကုန်ကွယ်မှု အကာအကွယ်ပေးရေး အယူအဆများနှင့် မြန်မြန်ဆန်ဆန် ခေတ်ကုန်မှုတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။

တရုတ်အပေါ် အနောက်နိုင်ငံအများအပြားက သံသယဖြင့် စောင့်ကြည့်လျက်ရှိပြီး ၎င်း၏ ကားကုမ္ပဏီများမှာလည်း ဥရောပထုတ်ကားများနှင့်ပုံစံတူကားများကို တရားဝင်ရော၊ တရားမဝင်ပါ ထုတ်လုပ်ခဲ့သည့် အကျိုးဆက်ကြောင့် အလားတူ အဟန့်အတားကို ကြုံနေရသည်။

တရုတ်သည် Volvo၊ Lotus နှင့် MG တို့အပါအဝင် နာမည်ကြီး အမှတ်တံဆိပ် ကားကုမ္ပဏီများကို မဟာဗျူဟာမြောက် ဝယ်ယူထားသလို ကမ္ဘာ့အကောင်းဆုံး အင်ဂျင်နီယာအတတ်ပညာ အချို့ကိုလည်း ပိုင်ဆိုင်ထားသည်။ အနောက်တိုင်း နာမည်ကြီးအမှတ်တံဆိပ်ကုမ္ပဏီများကို ဝယ်ယူထားနိုင်သော်လည်း တရုတ်ကားကုမ္ပဏီများသည် BMW၊ Porshe၊ Ferrari နှင့် Ford တို့ကဲ့သို့ ယင်းအမှတ်တံဆိပ်များအပေါ် ဖောက်သည်များ၏ ယုံကြည်မှုကို ရယူထားနိုင်ခြင်း မရှိသေးပေ။

တရုတ်သည် ဥရောပ၊ အမေရိကန်တို့နှင့် ယှဉ်ပါက ဈေးနှုန်းအရ အားသာချက်ရှိသည်။ အများအပြားထုတ်လုပ်နိုင်မှု၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ကောင်းမွန်မှုနှင့် လုပ်အားခ သက်သာမှုတို့ကြောင့် တရုတ်ကားများသည် ထုတ်လုပ်မှုနှင့် ဝယ်ယူမှုတို့တွင် ပိုမို ဈေးသက်သာခြင်းဖြစ်သည်။ သို့သော် နိုင်ငံအများအပြားတွင် တရုတ်ထုတ်ကားများအပေါ် အခွန်နှုန်း မြင့်မားစွာ ကောက်ခံလျက်ရှိသည်။ ဥရောပသည် လက်ရှိတွင် ကားတစီးလျှင် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး အမေရိကန်တွင် တရုတ်မှ တင်သွင်းလာသည့်ကားများကို အခွန် ၂၇ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသည်။ ၎င်းအခွန်နှုန်းထားများမှာ မြင့်တက်လာနိုင်သည်။ ဥရောပသမဂ္ဂသည် အခွန်ကောက်ခံသည့် နှုန်းထား နည်း၊ မနည်း စိစစ်ဆောင်ရွက်လျက်ရှိသည်။ နည်းသည်ဟု ဆုံးဖြတ်ပါက ယခုနှစ်ကုန်ပိုင်းတွင် မော်တော်ယာဉ် သွင်းကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံလာနိုင်သည်။

ကားများ၊ အထူးသဖြင့် လျှပ်စစ်ကားများသည်လည်း ဖွံ့ဖြိုးဆဲအဆင့်တခုသို့ ရောက်ရှိနေသည့်အတွက် မြန်ဆန်သော အပြောင်းအလဲများ၊ အဆင့်မြှင့်တင်မှုများ ရှိနေသည်။ တရုတ်ကားကုမ္ပဏီများသည် အခြားနိုင်ငံအများစုထက် ကားမော်ဒယ်အသစ်ထုတ်လုပ်မှုတွင် ၃၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်သည်။ ထို့ကြောင့် ဖောက်သည်များတွင် မိမိတို့ ဝယ်ယူထားသည့်ကားများ မြန်မြန်ဆန်ဆန် ခေတ်ကုန်သွားမလားဆိုသည့် စိုးရိမ်မှုများ ရှိနေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *