မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ

(ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ အညံ့ဟုဆို)

ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။

မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသော အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို မေလ ၂ ရက်နေ့ နံနက် ၄ နာရီက သိမ်းပိုက်ရရှိပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ခိုင်လုံသော သတင်းရင်းမြစ်က ” မောင်တောကို AA က သိမ်းလိုက်ပါပြီ။ မနေ့က နံနက် အာရုဏ် ၄ နာရီလောက်မှာ သိမ်းပိုက်လိုက်တာပါ။ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံခဲ့ပေမယ့် AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ” ဟု ပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်မှာ AA ထံ လက်နက်ချ အညံ့ခဲ့ပြီး မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA, ARA နှင့် RSO တို့က စစ်ကောင်စီဖက်မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာလည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှုရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီဖက်က ယခုအချိန်အထိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်းနှင့် စစ်တွေမြို့ဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ဘူးသီးတောင်မြို့ကိုလည်း သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA သည် ထိုးစစ်အရှိန်ကို ယခင်ထက် ၄ ဆခန့် မြှင့်တင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ အကြီးဆုံးစခန်းဖြစ်သော စကခ ၁၅ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်ပြီး ယင်းတပ် ဌာနချုပ်ကို သိမ်းပိုက်ရရှိပါက ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်နိုင်မည်ဖြစ်သည်။

နောက်ထပ် ခိုင်လုံသော သတင်းရင်းမြစ်က ” ဘူးသီးတောင်မြို့ကို AA က ၇၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်နိုင်ပါပြီ။ ကျန် ၂၅ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ရရှိရင်တော့ ဘူးသီးတောင်မြို့ကိုလည်း မကြာခင်မှာ သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတဲ့အတွက် တချို့ဟာတွေမှာ နည်းနည်း ခက်ခဲနေတာတွေရှိပါတယ်။ ဒါပေမယ့် ဘူးသီးတောင်မြို့ကို AA က မရ ရအောင် သိမ်းပိုက်မှာပါ။ ”

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ အနီးရှိ စစ်ကောင်စီ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ပြို၊ ရမ်းဗြဲနှင့် ပလက်ဝတို့ သိမ်းပိုက်ထားပြီး အခြားမြို့နယ်များကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *