မော်လမြိုင် အေးသန္တာအထူးကုဆေးရုံကို စစ်ကောင်စီ သုံးလပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ထားဝယ်စုရပ်ကွက်ထဲက အေးသန္တာ အထူးကုဆေးရုံကို အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ဆရာဝန်တွေကို အလုပ်ခန့်ထားတာကြောင့်ဆိုပြီး စစ်ကောင်စီက သုံးလ ပိတ်ခိုင်းလိုက်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေနဲ့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။

မေလ ၁ ရက်နေ့ကစပြီး ဆေးရုံကို သုံးလပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေအပါဝင် စစ်ကောင်စီတပ်သားတွေက ဧပြီလထဲမှာကတည်းက အကြောင်းကြားစာ ပို့လာတာလို့ ပိတ်သိမ်းခံထားရတဲ့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။

“အေးသန္တာအထူးကုဆေးရုံ ပိတ်သိမ်းခံရတာ ဟုတ်ပါတယ်။ သုံးလပိတ်ခံလိုက်ရတာပါ။ ရန်ကုန်တို့၊ မန္တလေး တို့က ဆေးရုံတွေလို နှစ်လတောင်မဟုတ်ပါဘူး။ CDM ဝန်ထမ်းတွေအလုပ်ခန့်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ယာယီပိတ်သွားတာလို့ ပြောပါတယ်”

မော်လမြိုင်မှာ ပုဂ္ဂလိကအထူးကုဆေးရုံ ပိတ်သိမ်းခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကတော့ လုပ်ငန်းလိုင်စင် စည်းကမ်း တွေကို လိုက်နာဖို့ပျက်ကွက်တဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ မေလ (၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းရဲ့ (၂၀၂၄) ခုနှစ် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့ ပါတယ်။

နိုင်ငံတစ်ဝန်းမှာ လုပ်ငန်းလိုင်စင်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံ (၂၉၅) ရုံ ရှိတယ်လို့လည်း အဲဒီ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ပင်လုံ ပုဂ္ဂလိကဆေးရုံလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လ နှစ်လ ယာယီ ပိတ်သိမ်းခံခဲ့ရသလို သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံလည်း အခု မေလကနေစပြီး နှစ်လ ယာယီပိတ်သိမ်းခံထားရပါတယ်။

မန္တလေးမြို့မှာတော့ မင်္ဂလာ၊ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိက ဆေးရုံတွေကိုလည်း CDM ဝန်ထမ်းတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီက ပိတ်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

မော်လမြိုင်မြို့၊ ထားဝယ်စုရပ်ကွက်ရှိ အေးသန္တာ အထူးကုဆေးရုံအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/Aye Thandar Hospital)


Comments

Leave a Reply

Your email address will not be published. Required fields are marked *