မင်္ဂလာဒုံရှိ တပ်စခန်းဂိတ်ကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေး‌ပြေးဝင်းရှေ့ရှိ စစ်ကောင်စီတပ်စခန်း ဂိတ်ကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှ တာဝန်ရှိသူက ပြောသည်။

“စရဖ တပ်ပါ။ ကင်းကျတဲ့ စခ ထိတယ်လို့တော့ မြေပြင်သတင်းအရ သိထားပါတယ်”ဟု ၎င်းကပြောသည်။

မေလ ၃ ရက် ည ၇နာရီခွဲခန့်တွင် ယင်းဂိတ်ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)နှင့် NOKA-UG တို့ ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လမ်းများပိတ်၍ စစ်ဆေးမှုများရှိသော်လည်း စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံးဘေးကင်းသည်ဟု NOKA -UG က အသိပေးထားသည်။

NOKA-UG အနေဖြင့် မဟာမိတ်အဖွဲ့များနှင့်အတူ မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” စကစ၏ ထောက်တိုင်များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စခ၊ ရခများနှင့် ဝေးရာမှရှောင်ကြဉ်သွားလာကျပါရန်”ဟု မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)ကလည်း သတိပေးထားသည်။

စစ်ဆင်ရေးများလုပ်ဆောင်ရန်အတွက် ပြည်သူ များ၏ ထောက်ပံ့မှုများလိုအပ်နေပြီး ၎င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ ဆက်သွယ်ပါဝင် နိုင်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။

(မင်္ဂလာဒုံတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် ပြင်းအားမြင့်မိုင်းများကိုတွေ့ရစဉ်။ ဓာတ်ပုံ -မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -၂)


Comments

Leave a Reply

Your email address will not be published. Required fields are marked *