မတ္တရာ တိုက်ပွဲမှာ မန္တလေးက နာမည်ကြီး ပျူညွန့်ဝင်း သေ

ပျူညွှန့်ဝင်းက စစ်အုပ်စုနဲ့ ပေါင်းပြီး မန္တလေးမြို့ခံတွေကို အနိုင်ကျင့် ရန်ပြုနေသူဖြစ်၊ ပျူ ချစ်ကိုကို မသေသေးဟုဆို၊

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တံငါ(တောင်)ကျေးရွာ တိုက်ပွဲအတွင်း မန္တလေးက နာမည်ကြီး ပျူခေါင်းဆောင် ညွှန့်ဝင်း ဆိုသူ သေလို့ စစ်အုပ်စုက အလောင်း ပြန်လာပို့ သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေ(၁၀)ရက် မနက်ပိုင်းက မတ္တရာမြို့ရဲ့ မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ၊ မန္တလေး -မိုးကုတ် လမ်း၊ တံငါ(တောင်)ရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုနဲ့ တံငါတံတားမှာ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ စစ်အုပ်စုကို စီးနင်းဝင်ရောက် စစ်အုပ်စု (၁၂)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်အုပ်စုတွေထဲ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း၊ သံလျှက်မှော် အရှေ့ရပ်ကွက်မှာ နေထိုင်ကာ စစ်အုပ်စုနဲ့ ပေါင်းပြီး ဒေသခံပြည်သူတွေအပေါ် လက်နက်ပြ အနိုင်ကျင့် မိုက်ကြေးခွဲ၊ နည်းမျိုးစုံ ဒုက္ခပေးကာ ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ ပျူညွှန့်ဝင်းလည်း သေဆုံးတာလို့ မန္တလေးမြေပြင်ကင်းထောက် MDY Revolution က ဖော်ပြပါတယ်။

“မဟာအောင်မြေ ရပ်ကွက်ထဲမှာ နာမည်ကျော်တဲ့ ဒလန်ညွန့်ဝင်း တလောက မတ္တရာ၊ တောင်-တံငါ(ရွာ) တိုက်ပွဲမှာ ကျသွားတာတဲ့။ သူ့အိမ်ကို အလောင်း လာပို့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျူညွန့်ဝင်းဟာ စစ်အာဏာမသိမ်းမီက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုူရေးပါတီ (ပြည်ခိုင်ဖြိုး) အလံကို အိမ်မှာ ထောင်ပြီး အဲ့ဒီပါတီကို ထောက်ခံအားပေးခဲ့သူတစ်ဦး ဖြစ်ကာ စစ်အာဏာသိမ်းပြီး နောက်မှာတော့ စစ်အုပ်စုနဲ့ ပေါင်းပြီး ဒေသခံပြည်သူကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ လက်နက်ပြမိုက်ကြေးခွဲတာ၊ ဧည့်စာရင်းစစ်တာ၊ ဖမ်းမိသူတွေကို ပါးရိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ပျူညွှန့်ဝင်းဟာ စူနေထိုင်ရာ မန္တလေး ကန်တော်ကြီး၊ တက်သေးအင်းထဲက နေအိမ်မှာ ဝင်းထရံကို သံဆူးကြိုး အထပ်ထပ်ကာ၊ ဘန်ကာဆောက်ပြီး စစ်အုပ်စု လက်နက်ကိုင် အစောင့်အကြပ်နဲ့ နေတဲ့သူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူက သူ့အိမ်ရှေ့ ကန်ပတ်လမ်းမှာ ဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်ဆေးတယ်။ စစ်သားတွေက မူးရူး ရမ်းကားပြီး ပါးရိုက်နားရိုက်တွေ လုပ်တယ်။ သေနတ်နဲ့ ပစ်တာတွေပါ ရှိတယ်။ စစ်ခွေးနဲ့ ပေါင်းပြီး ပေါ်ပေါ်တင်တင် အရပ်ကို ဒုက္ခပေးတဲ့လူ” လို့ ဒေသခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုနဲ့ပူးပေါင်းပြီး အကြမ်းဖက် သောင်းကျန်းနေတဲ့ ပျူညွန့်ဝင်းကို မန္တလေးမြို့ အခြေစိုက် မြို့ပြပြောက်ကျား (UG)အဖွဲ့တွေက ၂၀၂၂ ဇန်နဝါရီနဲ့ ၂၀၂၂ ဇွန်လအတွင်းက နေအိမ်ကို ဗုံးပစ်သွင်း တိုက်ခိုက်ကာ သုတ်သင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ယခု ၂၀၂၄ မှာမှ သေတာလို့ ဆိုပါတယ်။

၂၀၂၂ ဇူလိုင်က အဲ့ဒီ ပျူညွန့်ဝင်းကို မန္တလေးမြို့ပြပြောက်ကျား Anonymous of Mandalay အဖွဲ့က တိုက်ခိုက်ခဲ့ရာ ခြေထောက်၊ လက်နဲ့ ခါးတွေ ထိခိုက်ဒဏ်ရာရပြီး မသေဆုံးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပျူညွန့်ဝင်းနဲ့ မန္တလေးက နောက်ထပ် နာမည်ကြီး ပျူခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ချစ်ကိုကို တို့ဟာ စစ်အုပ်စုအတွက် ပျူ စုဆောင်းပေးသူတွေ ဖြစ်ပြီး ရရှိလာတဲ့ ပျူတွေကို မန္တလေးမှာ သင်တန်းပေးပြီးနောက် မတ္တရာမြို့နယ်ဘက် ပို့ကာ ရွာမီးရှို့၊ လူသတ်၊ လုယက်မှုတွေ ကျူးလွန်စေပြီး ခိုးရာပါ ပစ္စည်းတွေ ခွဲဝေ ရယူနေတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက ပျူအဖွဲ့ဝင်သစ်တွေ စုဆောင်းနေသလို စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီး လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

မတ္တရာမြို့နယ်၊ မန္တလေး -မိုးကုတ် လမ်း၊ တံငါ(တောင်)ရွာ တိုက်ပွဲမှာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု (၁၂)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိပြီး တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းအကြမ်းဖက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

မတ္တရာနယ်၊ မန္တလေး – မိုးကုတ် လမ်းပေါ်က တံငါ(တောင်)ရွာမှာ မေ(၁၀)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သိမ်းဆည်း ရရှိတဲ့ စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ/Photo – MDY-PDF


Comments

Leave a Reply

Your email address will not be published. Required fields are marked *