လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ပြင်နားမှာရှိတဲ့ ရေကန်ရွာဘက်မှာ စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတာကြောင့် ဒေသခံတွေသတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

“စစ်တပ်က ရွာခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းပြီး သုံးနိုင်တယ်၊ သတိထားဖို့ လိုတယ်” လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကပြောပါတယ်။

တပ်ပြင်မှာ ပြန်လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ဟာ အင်အား ၁၀၀ ခန့်ရှိပြီး အမြောက်ကားတွလည်း ပါတယ်လို့ မြေပြင်သတင်းတွေကို ကိုးကားပြီး ဗိုလ်မှူးကြီးဘုန်းနိုင်က ထပ်ပြောပြပါတယ်။

ဒီလိုတပ်ပြင်ပ ပြန်လှုပ်ရှားနိုင်ဖို့အတွက် စီစဥ်နေတာ တစ်ပတ်ခန့်ရှိပြီး လွိုင်ကော်မြို့ ပြန်လည်ပတ်ဖို့ အတွက် ဖြစ်နိုင်တယ်လို့ ကရင်နီစစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

“သူတို့(စစ်ကောင်စီ) စစ်ကြောင်းထိုးတော့မယ်ဆို သိသာတယ်၊ လေယာဥ်တွေ၊ ကင်းထောက်တွေ ဝဲတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်” လို့ သူကပြောပါတယ်။

တပ်အပြင်ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်တာမရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဒီစစ်ကောင်စီတပ် အပြင်ပြန်ထွက်လာတာ ရှမ်း-ကရင်နီနယ်စပ်က လွိုင်ကော်ဘက်ကိုလာဖို့ရှိနေတဲ့ စစ်ကြောင်းကို ထွက်ကြိုတာဖြစ်နိုင်တယ်လို့ KNDF ဒု-စစ်ဦးစီးချုပ်မာဝီ က ဒေသတွင်းသတင်းဌာနက ပြောကြားထားပါတယ်။

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ခလရ-၂၆၁၊ ခလရ-၂၅၀၊ ခလရ-၅၄၊ အမြောက်တပ်(အမတ)-၃၂၆ တို့အပြင် ထောက်ပို့တပ်တွေလည်း အခြေစိုက်ကြပါတယ်။

အဲ့ဒီတပ်အများစုဟာ တပ်ပြင်ပမထွက်သည်မှာ လအတန်ကြာပြီဖြစ်ပြီး ဒီရက်ပိုင်းတွင်းမှ ခလရ-၂၆၁ ဟာ တပ်ပြင်ပြန်ထွက်လာတာဖြစ်ပါတယ်။

အဲ့ဒီတပ်တွေထဲမှ ခလရ-၂၆၁ နဲ့ ခလရ-၅၄ တပ်တွေဟာ ကရင်နီတော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲ့ဒီလိုပြောပြီးမကြာမီ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ဗြောင်လိမ်နေတာဟုဆိုကာ လွိုင်ကော်မြို့ ထေးငှားလျားကန်မှာရှိတဲ့အကြောင်း သူ့လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *