သံတွဲစီးပွားရေးဘဏ်ကငွေကို တပ်ထဲမှာ စစ်ကောင်စီက သိမ်းဆည်း

ငပလီမြို့အဝင် ခလရ ၅၅ တပ်တွင် ထိန်းသိမ်းပြီး ဘဏ်နှင့်တပ်ကို စစ်ကောင်စီက အပြောင်းအရွှေ့လုပ်ပေးနေ

ရခိုင်ပြည် သံတွဲမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးဘဏ်က ငွေများကို ငပလီမြို့အဝင်ရှိ ခလရ ၅၅ တပ်ရင်းတွင် ထိန်းသိမ်းပြီး ဘဏ်နှင့်တပ်ကို စစ်ကောင်စီက ရဲကားအသုံးပြုပြီး အပြောင်းအရွှေ့လုပ်နေကြောင်း စုံစမ်းသိရသည်။

သံတွဲစီးပွားရေးဘဏ်ဝန်ထမ်းနှင့်နီးစပ်သူတစ်ဦးက ” သံတွဲမြို့ထဲက စီးပွားရေးဘဏ်က ငွေထိန်းသိမ်းလုပ်ငန်းကို စစ်တပ်က ကိုင်နေတယ်။ မနက်ကျရင် ဘဏ်ကို ငွေသွားပို့တယ်။ ညကျရင် ရဲကားတွေနဲ့ ငပလီမြို့အဝင်မှာရှိတဲ့ ခလရ ၅၅ တပ်ရင်းကို လာပို့တယ်။ ဒါက အခု နေ့တိုင်းအဲလို လုပ်နေတာပေါ့နော်။ စစ်ကောင်စီက ဒီလို အပြောင်းအရွှေ့လုပ်နေတယ်။ ” ဟု ပြောသည်။

ငပလီမြို့သည် သံတွဲမြို့နယ်၏ မြို့ခွဲတစ်ခုဖြစ်ပြီး သံတွဲမြို့နှင့် ငပလီမြို့သည် ၄ မိုင်ကွာဝေးကြောင်းသိရသည်။

စစ်ကောင်စီက သံတွဲစီးပွားရေးဘဏ်က ငွေကို ယင်းကဲ့သို့ အပြောင်းအရွှေ့လုပ်နေသည်မှာ ပြီးခဲ့သည့် မတ်လကနေစ၍ လုပ်နေခြင်းဖြစ်ပြီး ယခု သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းနေခြင်းကြောင့် လုံခြုံရေးတင်းကျပ်ကာ ငွေအပြောင်းအရွှေ့လုပ်နေသည်ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ငွေတွေကို ဘဏ်မှာ မသိမ်းဆည်းတာက တိုက်ပွဲမဖြစ်ခင်ကတည်းကပေါ့နော်။ မတ်လကနေစတယ်လို့ ပြောလို့ရပါတယ်။ ဘဏ်မှာ မသိမ်းဆည်းတော့ဘဲ စစ်တပ်ထဲမှာ သိမ်းထားတာပေါ့။ အခု တိုက်ပွဲက ပြင်းထန်လာတော့ လုံခြုံရေးပိုတင်းကျပ်ပြီး ရဲကားတွေနဲ့ အချုပ်ကားတွေလည်း ပို့တာ တစ်ခါတစ်ခါ တွေ့ရတယ်။ ” ဟု ပြောသည်။

ယခင် ၁၀ စုနှစ်ကျော်က သံတွဲစီးပွားရေးဘဏ်တွင် ငွေထိန်းသိမ်းသည့် ငွေတိုက်မရှိ၍ ဘဏ်ရှေ့က ရဲစခန်းတွင် ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်း ဘဏ်ထဲတွင် ငွေတိုက်ထားရှိကာ ဘဏ်ထဲတွင် သိမ်းဆည်းခဲ့သည်။

သို့သော်လည်း လက်ရှိ ရခိုင်ပြည်အတွင်း စစ်ကောင်စီသည် မြို့များကို လက်လွှတ်ဆုံးရှုံးနေရ၍ သံတွဲစီးပွားရေးဘဏ်က ငွေများကို စစ်တပ်ထဲမှာ သိမ်းဆည်းလာခြင်းဖြစ်သည်။

သံတွဲစီးပွားရေးဘဏ်က ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိပြီး တခြားသော ပုဂ္ဂလိက ဘဏ်များလည်း ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိကြောင်း ဘဏ်ဝန်ထမ်းနှင့်နီးစပ်သူက ဆက်လက်ပြောသည်။

” ဘဏ်တွေအားလုံးကတော့ ပုံမှန်အတိုင်း ဖွင့်ပါတယ်။ လည်ပတ်နေတာပေါ့နော်။ စီးပွားရေးဘဏ်က ငွေကိုတော့ စစ်တပ်မှာသိမ်းဆည်းတယ်။ ပုဂ္ဂလိကဘဏ်တွေကတော့ ဘယ်မှာသိမ်းတယ်ဆိုတာတော့ မသိဘူး။ ပုံမှန်ဆိုရင်တော့ ပုဂ္ဂလိက ဘဏ်တွေမှာ ကိုယ့်ဘဏ်ထဲမှာပဲ သိမ်းထားတာပေါ့နော်။ အခု တိုက်ပွဲက ပြင်းထန်နေတော့ ပုဂ္ဂလိက ဘဏ်တွေရဲ့ လုပ်ငန်းကို ကျနော်မသိဘူး။ ” ဟု ပြောသည်။

သံတွဲမြို့နယ် ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတိုက်နယ်တစ်ဝိုက်တွင် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျှက်ရှိနေသည်။

ထိုတိုက်ပွဲကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ဒေသခံ သောင်းချီ ထွက်ပြေးနေရပြီး စစ်ကောင်စီက အရပ်သားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ကျူးလွန်နေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *