သားဖြစ်သူစစ်မှုထမ်းဖို့ စာရင်းပါပြီးနောက် အဖေရာအိမ်မှူးရောသားပါ တိမ်းရှောင်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က ရာအိမ်မှူးတစ်ဦးဟာ ဒုတိယအသုတ်ခေါ်ယူမယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်းစာရင်းမှာ သားဖြစ်သူပါသွားတဲ့အတွက် အဖေရောသားပါ နေအိမ်ကနေတိမ်းရှောင်နေတယ်လို့ အဲဒီရပ်ကွက်မှာနေသူတချို့က ပြောပါတယ်။

“ အရင်တခေါက်က လူငယ်တွေကို သူကိုယ်တိုင် မဲဖောက်ခဲ့တာ။ အခု သူ့သားအလှည့်ကျမှ သားကလည်း မဝင်ချင်တော့ ထွက်ပြေးတယ်။ ရာအိမ်မှူးလည်း ရှောင်သွားတယ်” လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ သူ့အမည်နဲ့ နေထိုင်ရာရပ်ကွက်ကို လုံခြုံရေးအရ မဖော်ပြဖို့ ဒီအကြောင်းကိုသိတဲ့ အထက်ပါရပ်ကွက်နေသူက တောင်းဆိုပါတယ်။

စစ်မှုထမ်း ဒုတိယသုတ်အတွက် ပြီးခဲ့တဲ့ရက်တွေတုန်းက တောင်ဒဂုံမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အသက် ၂၄ နဲ့ ၃၀ ကြား လူငယ်တွေရဲ့ စာရင်းကို ပြုစုခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ရာအိမ်မှူးရဲ့သားဖြစ်သူလည်း ပါဝင်သွားတာပါ။ ရာအိမ်မှူးအသက်က ၅၀ ဝန်းကျင် ရှိပြီလို့ အဲဒီရပ်ကွက်မှာ နေသူတချို့က ပြောပါတယ်။

အဲဒီရာအိမ်မှူးဟာ ပြီးခဲ့တဲ့ ပထမအသုတ် စစ်မှုထမ်းခေါ်တုန်းက သူ့အပိုင်အတွင်းကလူငယ်တွေကို မဲနှိုက်ခိုင်းကာ နှစ်ဦးကို စစ်မှုထမ်းဖို့ပေးပို့ခဲ့ပြီး အဲဒီရပ်ကွက်ကနေ လူငယ်ရှစ်ဦးအထိ စစ်မှုထမ်းဖို့ပေးထားရတာပါ။

စစ်ကောင်စီဟာ ကုန်ခဲ့တဲ့ဧပြီလထဲမှာ သူထိန်းချုပ်ထားနိုင်ဆဲ ဒေသတွေကနေ လူငယ် ၅,၀၀၀ ကို စစ်မှုထမ်း ပထမအသုတ်အဖြစ် စုဆောင်းစစ်သင်တန်းပေးနေပြီး ဒီလ ၁၄ ရက်မှာလည်း ဒုတိယအသုတ် စစ်သင်တန်းတွေကို စတင်နေပြီလို့ မနေ့တုန်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်သားစုဆောင်းခံရသူတွေဟာ သုံးလလောက် စစ်သင်တန်းတက်ရောက်ရမှာဖြစ်ပြီး စစ်ကောင်စီကတော့ ဒီလူငယ်တွေဟာ ဆန္ဒအလျောက်စစ်ထဲဝင်လာသူတွေလို့ ဝါဒဖြန့်ပါတယ်။

စစ်သားအဖြစ် စစ်ကောင်စီစုဆောင်းနေတဲ့ အသက် ၂၄ နဲ့ ၃၀ ကြား လူငယ်တွေဟာ အခုဆိုရင် ပြည်ပထွက် အလုပ်လုပ်ခွင့်ပါ ကန့်သတ်ခံထားရတာပါ။

သင်တန်းအပတ်စဉ် တစ်ခုကို လူငယ် ၅,၀၀၀ အထိ ခေါ်ယူသွားမှာဖြစ်ပြီး တစ်နှစ်ကို အနည်းဆုံး လူငယ် ငါးသောင်းအထိ စစ်သားစုဆောင်းမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

လက်ရှိအချိန်ထိ အမျိုးသမီးတွေကို စုဆောင်းခေါ်ယူတာမျိုး မရှိသေးပေမယ့် သင်တန်းအပတ်စဉ် ငါးကြိမ်မြောက်မှာ စတင်ခေါ်ယူမယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရသူက ဆိုပါတယ်။

စစ်မှုမထမ်းချင်တဲ့ လူငယ်တွေဟာ ရရာနည်းနဲ့ တိမ်းရှောင်နေကြသလို စစ်ကောင်စီအတွက် လူစုဆောင်းပေးနေရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာလည်း လူဝယ်ထည့်တာ၊ ဖြည့်တာတွေနဲ့ ရပ်ကွက်၊ ကျေးရွာအလိုက် သတ်မှတ်ဦးရေမီအောင် အောက်ခြေမှာဖြည့်တင်းပေးနေကြပါတယ်။ ဒီအတွက် စစ်မှုထမ်းဖို့ အကြုံးဝင်သူရှိတဲ့ မိသားစုတိုင်းက ငွေပေးကြရပါတယ်။

ရှမ်းမြောက်၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်းနဲ့ ပဲခူးအရှေ့ခြမ်းဒေသတွေမှာ တော်လှန်ရေးတပ်တွေကို အလူးအလဲစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လျော့ဆင်းလာတဲ့ စစ်သားအင်အားကို ဖြည့်တင်းဖို့ ဒီနှစ်ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို ပြည်တွင်းစစ်အတွင်း ခေါ်သွင်းနေတာလည်း ဖြစ်ပါတယ်။

ပုံစာ – မနေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) မြင်ကွင်း
ဓာတ်ပုံ – CINCDS


Comments

Leave a Reply

Your email address will not be published. Required fields are marked *