စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

မတ္တရာမြို့နယ်ရှိ တံငါရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မေလ ၁၆ ရက် ည ၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နန်းတော်ကျွန်းဘက်မှ လက်နက်ကြီးပစ်ကူပေးခဲ့သည့် အပြင် စစ်ကိုင်းမြို့မှ သံပြားကာ ကား ၂ စီး ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

“၂ ကောင်သေပြီး ၆ ကောင်ဒဏ်ရတယ်လို့ သတင်းအတိအကျ ရထားတာပါ။ ကျနော်တို့ဘက်က သွားဆော်တာက အယောက် ၂၀ တောင် မပြည့်ဘူး။ သူတို့ခံရတော့ အယောက် ၃၀၀ လောက် လာတိုက်ပါတယ် ဆိုပြီး သတင်းလွှင့် စစ်ကူတောင်းတာ။ မင်းကွန်းဘက်ကိုလည်း မာရှယ်လော ဆိုပြီး သတင်းတွေလွှင့်နေတယ်။” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Phoenix SGG ၊ Royal Falcon Guerilla တပ်ဖွဲ့နှင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တံငါရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

မေလ ၈ရက်နေ့တွင် မတ္တရာမြို့နယ်၊ တံငါကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မတ္တရာမြို့နယ် Drone တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပ.က.ဖ တို့က Drone ဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *