စစ်ကိုင်းမှာ လက်နက်ကိုင်ပျူစောထီးနေအိမ် ဝင်ပစ်ခံရ

စစ်ကိုင်းမှာ လက်နက်ကိုင်ပျူစောထီးနေအိမ် ဝင်ပစ်ခံရ

ပျူစောထီးဒဏ်ရာပြင်းထန်ရပြီး ဇနီးဖြစ်သူသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်က စစ်တပ်လက်အောက်ခံပြည်သူ့စစ် (ပျူစောထီး) အမျိုးသားတဦးရဲ့နေအိမ်ကိုဝင်ရောက်ပစ်ခတ်ချိန်မှာ ဇနီးဖြစ်သူကျည်ထိသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၆ ရက် ည ၁၁ နာရီခန့်မှာ ဧမြဝတီရပ်ကွက်အနောက်ပိုင်းနေ ပျူစောထီး ဦးလှသန်းဌေးရဲ့နေအိမ်ကို လက်နက်ကိုင်လူတစုက ဝင်ရောက်ပစ်ခတ်ရာမှာ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး ဦးလှသန်းဌေးကတော့ ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ ဆိုပါတယ်။

“လက်နက်ကိုင်အဖွဲ့က သေနတ်အရှည်တွေလည်းပါတယ်။ သူတို့နာမည်ခေါ်ပြီး အိမ်ထဲထိ ဝင်ပစ်သွားတာလို့တော့ သိရတယ်။ မယားဖြစ်သူကတော့ နေရာမှာပဲသေသွားတယ်”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးသန်းဌေးမှာ ဘယ်ဘက်ပေါင်နဲ့လက်ဖျံ ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာရရှိပြီး အသက် ၄၀ အရွယ် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း ကတော့ ဘယ်ဘက်ရင်အုံနဲ့ ဦးခေါင်းတို့မှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး နေရာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် ပကဖ တာဝန်ရှိသူကတော့ ဒီပစ်ခတ်မှုကို သူတို့အဖွဲ့ လုပ်ဆောင်တာမဟုတ်ဘဲ ဖြစ်စဥ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းနေတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးခဲ့ပြီးနောက် သေဆုံးဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

ဦးလှသန်းဌေးကိုင်ဆောင်ထားတဲ့ BA 63 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုကိုပါ သိမ်းဆည်းခံလိုက်ရတယ် လို့သိရကြောင်း အထက်ပါအမျိုးသမီးက ပြောပါတယ်။

မေ ၁၀ ရက်ညပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာမှာ ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကို လက်နက်ကိုင်အဖွဲ့တွေကလာရှာပြီး နေအိမ်မှာမတွေ့လို့ မိသားစုဝင်အမျိုးသား ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီး မောင်မောင်နှင့်ဇနီး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးမောင်မောင် ဒဏ် ရာရ ၊ လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အသတ်ခံရသည့် ဧမြ၀တီရပ်ကွက်အုပ် ချုပ်ရေးမှူးနေရာအစားထိုးဝင်သည့် ပျူစောထီး မောင်မောင်နှင့်ဇနီး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးမောင်မောင် အပြင်း အထန်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မေလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီး မောင်မောင်(ခ)လှသန်းဌေး၏ နေအိမ်သို့ PDF များရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာမှ အုပ်ချုပ်ရေးမှူးအသစ် ပျူစောထီး မောင်မောင်(ခ) လှသန်းဌေး၏ ဇနီး လှလှဝင်း ပွဲချင်းပြီး သေဆုံးကြောင်း၊ အုပ်ချုပ်ရေးမှူး အသစ် ပျူစောထီး မောင်မောင်(ခ) လှသန်းဌေးမှာဒဏ်ရာ အပြင်းအထန်ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ပျူစောထီးမောင်မောင်(ခ) လှသန်းဌေး ကိုင်ဆောင်သည့် BA-63 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၀ တောင့်တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ပထမ အုပ်ကြီး ဦးသောင်းရွှေ အသတ်ခံရတုန်းက မောင်မောင်(ခ) လှသန်းဌေးက ပျူစောထီးလုပ်နေတာ။ အခုတော့ အုပ်ကြီးအသစ်အဖြစ် တက်လုပ်တာ ရက်ပိုင်းပဲရှိသေးတယ်။ သူက အရန်မီးသတ်လည်းလုပ်တယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယခု ဧမြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ် ပျူစောထီး မောင်မောင်(ခ) လှသန်းဌေး မတိုင်မီ ဧမြဝတီရပ် ကွက် အုပ်ချုပ်ရေးမှူး သောင်းရွှေမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၇ ရက် ညနေပိုင်း ရပ်ကွက်ဓမ္မာရုံတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *