ဂန့်ဂေါမှာ စစ်အုပ်စုက အဖိုးအိုတစ်ဦးကို ငယ်ပါဖြတ်သတ်၊ အိမ်ခြေ(၂၈၀) မီးရှို့ဖျက်ဆီး

ဂန့်ဂေါမှာ စစ်အုပ်စုက အဖိုးအိုတစ်ဦးကို ငယ်ပါဖြတ်သတ်၊ အိမ်ခြေ(၂၈၀) မီးရှို့ဖျက်ဆီး

YDF ရဲဘော်နှစ်ဦးကို မီးမြှိုက်သတ်တဲ့ မြောက်ခင်းရန်ရွာ ပျူတွေက ကျူးလွန်တာ ဖြစ်၊

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ ရွှေဘိုရွာကို စစ်အုပ်စုနဲ့ပျူတွေက စီးနင်းပြီး ထွက်မပြေးနိုင်တဲ့ အဖိုးအို တစ်ဦးကို ပါးစပ် အဝတ်စည်းကာ ငယ်ပါကို ဖြတ်ပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သလို ရွာထဲက အိမ်ခြေ (၂၈၀)ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်ရင်းမြစ်ကပြောပါတယ်။

မေ(၁၆)ရက် မနေ့က မနက်ပိုင်း ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာ ပျူစောထီး စခန်းကနေ ရိက္ခာရှာ ထွက်တဲ့ စစ်အုပ်စုနဲ့ ပျူ အင်အား(၃၀၀)လောက်ဟာ ‌မြောက်ခင်ရန်းရွာနဲ့ နှစ်မိုင်ခန့်သာ ဝေးတဲ့ ရွှေဘိုရွာနဲ့ ရေသာရွာကို နှစ်ဖွဲ့ခွဲ စီးနင်းတာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ရွှေဘိုရွာက မပြေးနိုင်တဲ့ အသက်(၈၀)အရွယ် အဖိုးအိုကို ပါးစပ်ထဲ အဝတ်ဆို့ပြီး ‌အမျိုးသားအင်္ဂါ (ငယ်ပါ)ကို လှီးဖြတ်ထားခဲ့သလို ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေကို ရွေးပြီး မီးရှို့ ဖျက်ဆီးတယ်လို့ ရွှေဘိုကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

“မပြေးနိုင်တဲ့သူပေါ့။ ဘုန်းကြီးကျောင်းမှာ ကျန်နေခဲ့တဲ့ အဘိုးကြီး တစ်ယောက်ကို ငယ်ပါကို ဓားနဲ့ဖြတ်တယ်။ ဝှေးစေ့ကို‌ ထုတ်ပစ်လိုက်တယ်။ ထုတ်ပြီးတော့ ရက်ရက်စက်စက် သတ်သွားတယ်။ ပါးစပ်ထဲတွေကို အဝတ်တွေနဲ့ ဆို့ပြီးတော့ သတ်သွားတာကို တွေ့ရတယ်”

စစ်အုပ်စုနဲ့ပျူတွေဟာ မနေ့က မနက်(၁၀)နာရီမှာ ‌ရွှေဘိုရွာကို စတင်စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ပြီး နေအိမ်အလုံး (၂၆၆)လုံး မီးရှို့ဖျက်ဆီးခဲ့သလို ‌ရေသာရွာကို ဝင်မွှေတဲ့ စစ်အုပ်စုကလည်း နေအိမ်(၁၄)လုံးကို မီးရှို့ ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

“ရွှေဘိုနဲ့ ရေသာကို မနက်(၁၀)နာရီလောက်မှာ ရောက်ပြီး မီးရှို့တာပေါ့ဗျာ။ ဘုန်းကြီးကျောင်းက ဓမ္မာရုံတွေ နာရေးကူညီမှု ကားပါ ပါသွားတယ်။ ‌နာရေးကူညီမှုကား ထားတဲ့ အဆောက်အဦးတွေ ပါသွားတယ်၊ နောက် ရွှေဘိုရွာက အိမ်ကြီးအိမ်ကောင်းတွေ အာလုံးပေါ့။ အားလုံကို မီးရှို့လိုက်တာပေါ့။ အိမ်တော်တော်လေး ညံ့နေတဲ့ အိမ်လေးတွေလောက်ပဲ ကျန်ခဲ့တော့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုနဲ့ပျူတွေဟာ လူသတ်၊ လုယက်၊ မီးရှို့ရုံမက ရွှေဘိုရွာက နေအိမ်တွေမှာ မွေးမြူထားတဲ့ ဝက်အကောင်ရေ (၂၀)နဲ့ နေအိမ်တွေမှာ မွေးထားတဲ့ နွားတွေကိုပါ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုနဲ့ပျူတွေဟာ ရွှေဘိုနဲ့ ရေသာရွာကို မီးမရှို့ခင် တန်ဘိုးကြီးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ ခိုးယူပြီး ရွှေဘိုရွာ ဘုန်းကြီးကျောင်းက သံဃာ ခုနှစ်ပါးကိုလည်း ဓားစာခံ လူသားဒိုင်းကာအဖြစ် မြောက်ခင်ရန်း ပျူရွာဘက် ဖမ်းခေါ်သွားပြီး ဒီမနက်မှာတော့ ပြန်လွတ်လိုက်ပြီလို့ ဆိုပါတယ်။

ရွှေဘိုနဲ့ရေသာ‌ရွာတွေဟာ မြောက်ခင်ရန်း‌ရွာ ပျူစခန်းနဲ့ နှစ်မိုင်ခန့်သာ ကွာဝေးတာကြောင့် ရွာခံအများစုက ရွာထဲမှာ မနေရဲတော့ဘဲ ထွက်ပြေးနေရတာ လချီကြာမြင့်နေပြီ ဖြစ်ပြီး ပျူတွေက အခုလိုမျိုး ရွာကို လာရောက် မီးရှို့တာ သုံးကြိမ် ရှိပြီဖြစ်ကာ အရင်တစ်ကြိမ်ကလည်း အိမ်ခြေ(၃ဝ၀)ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ ပျူအဖွဲ့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမတ်ဟောင်း ဘူးလက်လှဆွေက ဦးဆောင်နေတာ ဖြစ်ပြီး အဲ့ဒီ ပျူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကလည်း တိုက်ပွဲမှ ဖမ်းမိတဲ့ ယောကာကွယ်ရေးတပ် – YDF တပ်ဖွဲ့၀င် တော်လှန်ရေး ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးမြှိုက် သတ်ခဲ့ကာ အဲ့ဒီလို မီးမြှိုက်သတ်ချိန် ရွာခံတွေကို တစ်အိမ်တစ်ယောက် လာကြည့်ခိုင်းခဲ့တယ်လို့ YDF က ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *